နေပြည်တော် ၂၀၂၆ နိုဝင်ဘာ ၂၅
အခြေခံပညာရေးတွင် KG+12 စနစ်ကျင့်သုံးလျက်ရှိရာ ယင်းစနစ်နှင့် လိုက်လျောညီထွေ ဖြစ်မည့်တက္ကသိုလ်များ ဘွဲ့သင်တန်းကာလပြုပြင်ပြောင်းလဲရေးနှင့် ဒီဂရီပေးအပ်မှုများကို ပြန်လည်သုံးသပ်ရန်၊ ဘွဲ့သင်တန်းကာလသတ်မှတ်ရာတွင် ဒေသတွင်းနှင့် နိုင်ငံတကာတက္ကသိုလ်များတွင် ကျင့်သုံးနေသည့်စနစ်များကိုလည်း ထည့်သွင်းစဉ်းစားရန်လိုအပ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ပြောကြားသည်။
ယနေ့နံနက်ပိုင်းက ရုံးအမှတ်(၁၃) အဆင့်မြင့်ပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် အဆင့်မြင့်ပညာကဏ္ဍ သင်ကြား၊ သင်ယူမှုစနစ်သုံးသပ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင် ရေး အလုပ်ရုံဆွေးနွေးပွဲ (၂/၂၀၂၆)တွင် ပြည်ထောင်စုဝန်ကြီးက ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် အဝေးသင်ပညာရေးစနစ်သည် အဆင့်မြင့်ပညာရေးတွင် အရေးပါသော ကဏ္ဍတစ်ခု ဖြစ်ပြီး အဝေးသင်စနစ်သင်ကြားရေးတွင် စာစဉ် (Assignment) နှစ်ကြိမ်ပြုလုပ်ရမည်ဖြစ်ရာ ပထမတစ်ကြိမ်ကို သတ်မှတ်ထားသည့်အချိန်အတိုင်း ပုံမှန်တင်သွင်းမည်ဖြစ်ပြီး ဒုတိယတစ်ကြိမ်ကို လူကိုယ်တိုင်အတန်းတက်၍ သင်ယူမှုနှင့်အတူ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဒီဂျစ်တယ်ပညာရေးသို့ ကူးပြောင်းရာတွင် အချက်အလက်(Data) မှန်ကန်ရေးနှင့် အခြေခံအဆောက်အအုံ ပြည့်စုံရေးသည် အဓိကအရေးကြီးကြောင်း၊ Online နှင့် Digital ပညာရေးစနစ် ခိုင်မာစေရန်အတွက် တက္ကသိုလ် များတွင် သင်ကြားသင်ယူမှုစီမံခန့်ခွဲမှုစနစ် (Learning Management System-LMS)သည် မရှိမဖြစ်လိုအပ်ပါကြောင်း၊ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်နှင့် Naypyitaw State Academy တို့ကို Center of Excellence အဖြစ် ထူထောင်ထားသည်ဖြစ်ရာ ပါမောက္ခချုပ်များအနေဖြင့် မိမိတို့တက္ကသိုလ်များတွင် သုတေသနနှင့် သင်ကြားရေးကဏ္ဍများ၌ ထူးချွန်သည့် ဆရာ ဆရာမများကို စုဆောင်းနိုင်ရေး ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တာဝန်ရှိသူများက အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ လည်းကောင်း၊ “အဝေးသင်သင်တန်း သင်ကြား၊ သင်ယူမှုစနစ်ပြုပြင်ပြောင်းလဲခြင်း” ကဏ္ဍနှင့် စပ်လျဉ်း၍လည်းကောင်း၊ “ဘွဲ့သင်တန်းအစီအစဉ်များ လက်ရှိပညာရေးစနစ်နှင့် လိုက်လျောညီထွေ ဖြစ်စေရေး” ကဏ္ဍနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
မွန်းလွဲပိုင်းတွင် တက်ရောက်လာကြသူများက Parallel Sessions များခွဲ၍ အုပ်စုအလိုက် ဆွေးနွေးကြပြီး ဆွေးနွေးမှုရလဒ်များကို တင်ပြခဲ့ကြကြောင်း သိရသည်။
