နေပြည်တော် ၂၀၂၆ အောက်တိုဘာ ၆
တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် မိမိတို့ဒေသအလိုက်၊ ကျောင်းအလိုက် သင်ကြားရေးဆိုင်ရာ အရည်အသွေးတိုးတက်အောင် ကြိုးစားဆောင်ရွက်ပေးကြရန် ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန်သည် ယနေ့နံနက်ပိုင်းတွင် ဘိုကလေးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများနှင့် တွေ့ဆုံစဉ် မှာကြားသည်။
တွေ့ဆုံပွဲအပြီးတွင် စာသင်ခန်းအတွင်း ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြား သင်ယူနေမှုအခြေအနေများ၊ ဘာသာရပ်ဆိုင်ရာ တတ်ကျွမ်းမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဘိုကလေးမြို့ အခြေခံပညာမူလတန်းလွန်ကျောင်း(အောက်ပိုင်း)၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာမူလတန်းကျောင်း (စံကျောင်းပိုင်း-မြို့မ (၄) ရပ်ကွက်)၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအလယ်တန်းကျောင်း (လေ့ကျင့်ရေး)၊ ဖျာပုံမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းနှင့် ကျိုက်လတ်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းများကို ကြည့်ရှုစစ်ဆေးသည်။
ထိုမှတစ်ဆင့် ဘိုကလေးပညာရေးဒီဂရီကောလိပ်ရှိ ပညာဂုဏ်ရည်ခန်းမ၌ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ပညာရေးဒီဂရီကောလိပ် ဆရာ ဆရာမများ၊ အခြေခံပညာ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံစဉ် “နိုင်ငံတော် ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် ပညာရေးမိသားစုများအားလုံး ညီညီညွတ်ညွတ်လက်တွဲ၍ ပညာရေးအရည်အသွေး တိုးတက်မြင့်မားအောင် ကြိုးစားမြှင့်တင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အခြေခံပညာကဏ္ဍနှင့် အဆင့်မြင့်ပညာကဏ္ဍတို့၏ သင်ကြားရေး၊ စီမံရေးဆိုင်ရာလုပ်ငန်းများ အရည်အသွေးတိုးတက်အောင် အမြဲမပြတ်ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အခြေခံပညာ ကျောင်းသား ကျောင်းသူတိုင်း အနည်းဆုံး KG+9 (အခြေခံပညာမူလတန်းမှ အလယ်တန်းအဆင့်ထိ) ပြီးမြောက်ရေးကို အလေးထားဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးဒေသဖြစ်၍ KG+9 ပြီးမြောက်သည့် ကျောင်းသား ကျောင်းသူများအား အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများတွင် ပညာရပ်များ ဆက်လက်ပညာသင်ယူနိုင်ရေးအတွက် ဆရာ ဆရာမများအနေဖြင့် စိတ်ဝင်စားအောင်လမ်းညွှန်၍ ပံ့ပိုးကူညီဆောင်ရွက် ပေးကြစေလိုကြောင်းပြောကြားပြီး တက်ရောက်လာသည့် ဆရာ ဆရာမများ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
တွေ့ဆုံပွဲအပြီးတွင် မအူပင်တက္ကသိုလ်သို့သွားရောက်၍ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်ဘာသာရပ်အလိုက် သင်ကြားသင်ယူမှုနှင့် သုတေသနလုပ်ငန်းများ အရည်အသွေးတိုးတက် ကောင်းမွန်ရေး၊ အဝေးသင်တက္ကသိုလ် အရည်အသွေးမြှင့်တင်ဆောင်ရွက်ရေး၊ ထူးချွန်အားကစားသမား မွေးထုတ်ပေးနိုင်ရေးနှင့် တက္ကသိုလ်အားကစားကဏ္ဍမြှင့်တင် ဆောင်ရွက်ရေး၊ ကျောင်းအတွင်း တည်ဆောက်ရေး၊ သင်ကြားရေးနှင့် စီမံရေးဆိုင်ရာ အရည်အသွေးတိုးတက် ကောင်းမွန်အောင် ဆောင်ရွက်ရေးတို့ကိုမှာကြားပြီး ကျောင်းအတွင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
