ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် မန္တလေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်အတွင်း ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

 

နေပြည်တော် ၂၀၂၆ အောက်တိုဘာ ၄

 

မန္တလေးပညာရေးဒီဂရီကောလိပ်၊ ကျောက်ဆည်တက္ကသိုလ်နှင့် မိတ္ထီလာစီးပွားရေးတက္ကသိုလ်တို့၌ တည်ဆောက်ရေးနှင့် ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ လုပ်ငန်းပြီးစီးမှုနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း စာမေးပွဲအောင်ချက် မြင့်မားရေးအတွက် ဘာသာရပ်ဆိုင်ရာပါမောက္ခများကိုယ်တိုင် Grade-12 သင် ဆရာ ဆရာမများအား သင်ကြားလေ့ကျင့်ပေးနေမှုများကို ယနေ့နံနက်ပိုင်းတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့် ကြည့်ရှုအားပေးပြီး ပါမောက္ခချုပ်၊ ပါမောက္ခများနှင့်တွေ့ဆုံကာ ပညာသင်ကြားရေးကိစ္စများနှင့် စပ်လျဉ်း၍ဆွေးနွေးမှာကြားသည်။

 

ယမန်နေ့ကလည်း ဒုတိယဝန်ကြီးသည် ကချင်ပြည်နယ် ပူတာအိုမြို့ရှိ အစိုးရနည်းပညာ အထက်တန်းကျောင်း (GTHS) စာသင်ဆောင်၊ လက်တွေ့ဆောင်၊ အိပ်ဆောင်၊ ဝန်ထမ်းအိမ်ရာနှင့် အားကစားကွင်းများကိုလည်းကောင်း၊ ပူတာအိုမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် မူလတန်းကျောင်းများကိုလည်းကောင်း လှည့်လည်ကြည့်ရှုကာ ဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းအလိုက် စာသင်ဆောင်လုံလောက်မှု အခြေအနေကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။