ပညာရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ငန်းများ၊ တာဝန်နှင့်ဝတ္တရားများကို အောင်မြင် ပြီးမြောက်အောင် စေတနာထား ဆောင်ရွက်သွားကြရန်မှာကြား

 

နေပြည်တော် ၂၀၂၆ စက်တင်ဘာ ၄

 

ပညာရေးဝန်ထမ်းများသည် နိုင်ငံဝန်ထမ်းများဖြစ်သည်နှင့်အညီ နိုင်ငံတော်နှင့်ဝန်ကြီးဌာနက ပေးအပ်လာသည့် ပညာရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ငန်းများ၊ တာဝန်နှင့်ဝတ္တရားများကို အောင်မြင်ပြီးမြောက်အောင် စေတနာထား ဆောင်ရွက်သွားကြရန် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးနေမျိုးလှိုင်သည် ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့ ဧရာဝတီတိုင်းဒေသကြီးပညာရေးမှူးရုံး၌ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံစဉ်မှာကြားသည်။

 

အဆိုပါတွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီးက ရုံးဝန်ထမ်းများအတွက် ဆန်နှင့်ထောက်ပံ့ငွေများ ပေးအပ်ပြီး ရုံးအတွင်းကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

တွေ့ဆုံပွဲအပြီးတွင် ကန်ကြီးဒေါင့်မြို့နယ် အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းရှိ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား သွားရောက်တွေ့ဆုံအားပေးပြီး ကျောင်းအတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်မည့်မြေနေရာများကို ကြည့်ရှု စစ်ဆေးကာ လုပ်ငန်းဆိုင်ရာများ မှာကြားသည်။

 

မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်ရှိ ရေကြီးရေလျှံမှုကြောင့် ယာယီပိတ်ထားရသည့်ကျောင်းများ၊ ရေကျဆင်းပြီး ပြန်လည်ဖွင့်လှစ်နေသည့် ကျောင်းများကို ကြည့်ရှုစစ်ဆေးသည်။

 

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် ထန်းတပင်မြို့နယ်ရှိ ကျိုက္ခနာရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)၊ အတွင်းသဲဖြူကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ ရိုးခွကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ ကျောင်းကုန်းရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)နှင့် ထန်းတပင်မြို့  အခြေခံပညာအထက်တန်းကျောင်းတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို  ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။