နေပြည်တော် ၂၀၂၆ မေ ၂၉
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်တို့သည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းတို့သို့ ရောက်ရှိပြီး ကျောင်းအပ်နှံရေး သီတင်းပတ် ဆောင်ရွက်နေမှုအခြေအနေများ၊ Smart School နှင့် Football for School Program ဆောင်ရွက်နိုင်မည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) လှည်းကျော်ကုန်းနှင့် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) သူတော်ကုန်းကျောင်းတို့၌ ကျောင်းသား ကျောင်းသူများအား စာရေးကိရိယာများ၊ ကျောပိုးအိတ်များ၊ ကျောင်းဝတ်စုံများ ပေးအပ်ကာ ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။
ယင်းနောက် ချောင်းသာမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်း (ကလောခုံ)နှင့် အမှတ်(၈)အခြေခံပညာ မူလတန်းကျောင်းတို့၌ ကျောင်းဆောင်သစ် တည်ဆောက်မည့် မြေနေရာများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
