ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ပုသိမ်တက္ကသိုလ်နှင့် ပုသိမ်ပညာရေးဒီဂရီကောလိပ်တို့မှ ဆရာ ဆရာမများနှင့်တွေ့ဆုံ

 

နေပြည်တော် ၂၀၂၆ မေလ ၇

 

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ဧရာဝတီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ပုသိမ်ပညာရေး ဒီဂရီကောလိပ်သို့ သွားရောက်၍ စာသင်ခန်းများတွင် ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာ (၂/၂၀၂၆) သင်တန်း သင်ကြားနေမှုများကို ကြည့်ရှုပြီး သင်တန်းသားများကို အားပေးစကား ပြောကြားသည်။

 

ထို့နောက် ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများအားတွေ့ဆုံ၍ ပုသိမ်ပညာရေးဒီဂရီကောလိပ်မှ ပုသိမ်ဆရာအတတ်ပညာတက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်ပြီး နောက်တွင်ထားရှိရမည့် ခံယူချက်စိတ်ထားနှင့် ဆောင်ရွက်ရမည့်တာဝန်များကို ရှင်းလင်းဆွေးနွေးပြီး ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များပေါင်းစပ် ဖြည့်ဆည်းပေးသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်တက္ကသိုလ်သို့ရောက်ရှိပြီး တက္ကသိုလ်ဥပဓိရုပ်ကောင်းမွန်ရေးနှင့် သန့်ရှင်းသာယာလှပရေး၊ အပန်းဖြေရိပ်သာ တည်ဆောက်ပြီးစီးမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခများနှင့်တွေ့ဆုံကာ ပညာရေးမြှင့်တင်မှုအတွက် အကြံပြုချက်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးပြီး ပုသိမ်တက္ကသိုလ် ဇီဝအရင်းအမြစ်နှင့် ဇီဝနည်းပညာဖွံ့ဖြိုးရေးဌာနသို့ သွားရောက်၍ သုတေသနလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေးမှာကြားသည်။

 

ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် ချောင်းသာကမ်းခြေ၌ကျင်းပသော အဆင့်မြင့်ပညာအဆင့် လူရည်ချွန်စခန်း(ချောင်းသာ) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ လူရည်ချွန်မောင်မယ်များအား အမှာစကားပြောကြားပြီး လူရည်ချွန်ရင်ထိုးတံဆိပ်များ တပ်ဆင်ပေးသည်။