မန္တလေး ၂၀၂၆ မေ ၆
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်သည် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက Smart School နှင့် Football for School Program အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လျာထားအခြေခံပညာကျောင်းနှစ်ကျောင်းကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ် (၂၇) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းကို ကြည့်ရှုစစ်ဆေးပြီး နိုင်ငံတော်၏ ရက် (၁၀၀) စီမံချက်တွင်ပါဝင်သည့် Smart School နှင့် Football for School Program အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)၏ သတ်မှတ်စံနှုန်းနှင့် ကိုက်ညီသောဘောလုံးကွင်းကို တည်ဆောက်ပေးမည်ဖြစ်ကြောင်း၊ Smart School များမှတစ်ဆင့် အားကစားသမားများ စနစ်တကျပေါ်ထွက်လာပြီး အားကစားကဏ္ဍကို ပညာရေးစနစ်နှင့် ဟန်ချက်ညီညီ ပေါင်းစပ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ စံပြကျောင်းဖြစ်စေရေး ဆရာ ဆရာမများ၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး ပညာရေးမှူးများ၊ ကျောင်း အကျိုးတော်ဆောင်များနှင့် ရပ်မိရပ်ဖများ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် အမရပူရမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (ယန္တရား)သို့သွားရောက်၍ ကျောင်းဆောင်များတွင် ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
