ဒုတိယ၀န်ကြီး ဦးနေမျိုးလှိုင် ၂၀၂၆ ခုနှစ် ကာယပညာနှင့်အားကစားအခြေခံနည်းပြသင်တန်း အမှတ်စဉ်(၂၃)သင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက်

 

နေပြည်တော် ၂၀၂၆ မတ် ၃၀

 

၂၀၂၆ ခုနှစ် ကာယပညာနှင့်အားကစားအခြေခံနည်းပြသင်တန်း အမှတ်စဉ်(၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် လယ်ဝေးမြို့ အားကစားလေ့ကျင့်ရေးစခန်း၌ ကျင်းပရာ ပညာရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြ ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ဦးစွာ ဒုတိယ၀န်ကြီးက သင်တန်းဆင်းအမှာစကားပြောကြားရာတွင် အခြေခံပညာကျောင်းများ၌ မရှိမဖြစ်လိုအပ်သည့် ကာယပညာဆရာ ဆရာမ (၄၀၀)ဦးကို ဒုတိယအသုတ်အဖြစ် လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ ပထမအသုတ် သင်တန်းသား သင်တန်းသူ (၄၀၀) ဦးကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၃ ရက်နေ့အထိ သင်တန်းဖွင့်လှစ်ပို့ချခဲ့ပြီး ဖြစ်ပါကြောင်း၊ အခြေခံပညာဦးစီးဌာနအနေဖြင့် ၁၉၈၅ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည့် ကာယပညာနှင့် အားကစားအခြေခံနည်းပြသင်တန်း အမှတ်စဉ်(၁)မှ ယခုဖွင့်လှစ်ခဲ့သည့် သင်တန်းအမှတ်စဉ်(၂၃)အထိ ကာယပညာဆရာ၊ ဆရာမပေါင်း (၉၄၂၄)ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ သင်တန်းတက်ရောက်အောင်မြင်ခဲ့သည့် ဆရာ ဆရာမ(၈၀၀)ဦးကို အခြေခံပညာကျောင်းများတွင် ဒုတိယအလယ်တန်းပြ (ကာယပညာ)များအဖြစ် ခန့်အပ်ပေးပြီး တာဝန်ထမ်းဆောင်ကြရမည် ဖြစ်ပါကြောင်း။

 

အခြေခံပညာ ကျောင်းသားအားကစားပွဲတော်ကို နှစ်စဉ်ကျင်းပပေးလျက်ရှိပြီး ထူးချွန်သည့် ကျောင်းသား ကျောင်းသူ အားကစားမောင်မယ်များကို မြန်မာ့ကျောင်းသားအားကစား လက်ရွေးစင်များအဖြစ် ရွေးချယ်လေ့ကျင့်စေခဲ့ပြီး ၂ဝ၂၅ ခုနှစ်၊ နိုဝင်ဘာလ(၂၀)ရက်နေ့မှ (၂၉) ရက်နေ့အထိ ဘရူနိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် ၁၄ ကြိမ်မြောက် အာဆီယံကျောင်းသား အားကစားပွဲတော်(ASG-14)ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်(၂)ခု၊ ငွေတံဆိပ်(၁)ခု၊ ကြေး တံဆိပ်(၂)ခု ရရှိအောင်မြင်ခဲ့ပါကြောင်း၊ သို့ဖြစ်၍ အခြေခံပညာကျောင်းသား ကျောင်းသူများအား အခြေခံပညာ ကျောင်းသားအားကစားပြိုင်ပွဲ၊ အာဆီယံကျောင်းသားအားကစား ပြိုင်ပွဲများတွင် အဆင့်အတန်းမြင့်မားစွာ ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် ယခုသင်တန်းက သင်ယူလေ့လာခဲ့သည့် အားကစားနည်းစနစ်များကို စနစ်တကျသင်ကြားပြသစေလိုပါကြောင်း၊ အခြေခံပညာ ကျောင်းသားအားကစားပွဲတော်မှ ပေါ်ထွက်လာမည့် ထူးချွန်ထက်မြက်သည့် အားကစားသမားများကို နိုင်ငံ့လက်ရွေးစင်အားကစားသမားများအဖြစ် ရွေးချယ်ပြီး အာဆီယံကျောင်းသား အားကစားပွဲတော်သို့ အဆင့်မီစွာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုးစားလေ့ကျင့်ပေးရမည် ဖြစ်ပါကြောင်း။

 

ယခုဖွင့်လှစ်ပေးခဲ့သည့်သင်တန်းသည် ကာယပညာနှင့် အားကစားအခြေခံနည်းစနစ်များကို သင်ကြားပို့ချနိုင်မည့် ကာယပညာဆရာ ဆရာမများကို မွေးထုတ်လေ့ကျင့်ပေးခဲ့ပြီး မိမိတို့တာဝန်ကျရာ ကျောင်းအသီးသီးသို့ ရောက်ရှိသည့်အခါတွင် ကာယပညာနှင့် အားကစားအခြေခံ နည်းပြသင်တန်းက သင်ကြားပို့ချပေးလိုက်သည့် သင်ခန်းစာများကို KG+12 သင်ရိုးနှင့်အညီ စနစ်တကျသင်ကြားပို့ချရင်း နိုင်ငံတော်မှအားထားရသည့် နိုင်ငံ့သားကောင်းရတနာများ၊ လက်ရွေးစင်အားကစားသမားများ ပေါ်ထွန်းလာစေရေး လေ့ကျင့်ပျိုးထောင်ပေးကြစေလိုကြောင်းဖြင့် ပြောကြားသည်။

 

ထို့နောက် သင်တန်းသား သင်တန်းသူများက ကာယပညာနှင့် အားကစားအခြေခံနည်းပြ သင်တန်းတွင်ပို့ချသင်ကြားခဲ့သည့် ဘာသာရပ်အလိုက် သရုပ်ပြတင်ဆက်ကြသည်။

 

ယင်းနောက် ဒုတိယ၀န်ကြီးက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းသား သင်တန်းသူများနှင့် သင်တန်းနည်းပြဆရာ ဆရာမများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့သည်။

 

ယခုဖွင့်လှစ်သည့် ကာယပညာနှင့်အားကစားအခြေခံ နည်းပြသင်တန်းအမှတ်စဉ် (၂၃)တွင် ရက်ပေါင်း (၄၀) တိတိသင်ကြားပို့ချခဲ့ရာ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၄၀၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။