ရန်ကုန် ၂၀၂၆ မတ် ၁၄
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းပညာရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ ကျောင်းသား ကျောင်းသူများ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒနှင့် ပထဝီဝင်ဘာသာရပ် ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။
ကြည့်ရှုစဉ် တာဝန်ကျစာမေးပွဲကြီးကြပ်ရေးမှူးနှင့် လက်ထောက်ကြီးကြပ်ရေးမှူး ဆရာ ဆရာမများက စာဖြေသူများလိုက်နာရန် စာမေးပွဲစည်းမျဉ်းစည်းကမ်းများကို ဖတ်ကြားရှင်းပြခြင်း၊ ခုံအမှတ် မှန်ကန်မှုစစ်ဆေးခြင်း၊ မေးခွန်းစာမျက်နှာစုံလင်မှုစစ်ဆေးခြင်း၊ တာဝန်ကျစာမေးပွဲကြီးကြပ်ရေးမှူးနှင့် လက်ထောက်ကြီးကြပ်ရေးမှူး ဆရာ ဆရာမများက စာမေးပွဲစည်းမျဉ်း စည်းကမ်းနှင့်အညီ စနစ်တကျဆောင်ရွက်နေမှုများနှင့် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနေမှုတို့ကို ကြည့်ရှုအားပေးသည်။
ထို့နောက် စမ်းချောင်းမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ မင်္ဂလာဒုံမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနများ၌ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ရန်ကုန်တိုင်းဒေသကြီးရှိ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန စုစုပေါင်း ၁၀၇ ခု၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၄၉၂၅၆ ဦး စာရင်းပေးသွင်းကြကာ စတုတ္ထနေ့ ဓာတုဗေဒဘာသာရပ်ကို ၄၅၄၇၉ ဦး၊ ပထဝီဝင်ဘာသာရပ်ကို ၁၂၅၃ ဦး ဝင်ရောက်ဖြေဆိုကြပြီး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာနစုစုပေါင်း လေးခု၌ ဖြေဆိုရန် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၄၀၂ ဦး စာရင်းပေးသွင်းကြပြီး စက်မှုအတတ်ပညာ (ပေါင်းစပ်သိပ္ပံ)၊ စိုက်ပျိုးရေးအတတ်ပညာ (သီးနှံထုတ်လုပ်ရေး (၃))ဘာသာရပ်ကို ၃၃၄ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
