ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ သက်ဆိုင်ရာဘာသာရပ်အလိုက် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှု ကြည့်ရှုအားပေး

 

နေပြည်တော် ၂၀၂၆ မတ် ၁၂

 

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်သည် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကျောက်ဆည်မြို့နယ် အစိုးရနည်းပညာအထက်တန်းကျောင်းရှိ စာစစ်ဌာနသို့သွားရောက်၍ ၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ သက်ဆိုင်ရာဘာသာရပ်အလိုက် စိတ်အေးချမ်းသာစွာ ဖြေဆိုနေသည့် ကျောင်းသား ကျောင်းသူများအား လိုက်လံကြည့်ရှုအားပေးပြီး လက်တွေ့ဖြေဆိုမည့် စာဖြေခန်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ အားလုံးပူးပေါင်း၍ စာမေးပွဲလုပ်ငန်းစဉ်များ အောင်မြင်ပြီးမြောက်သည်အထိ အလေးထားဆောင်ရွက်ပေးကြရန် မှာကြားသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးသည် ကျောက်ဆည်မြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းနှင့် စဥ့်ကိုင်မြို့နယ်(ဘယ်လင်း)အခြေခံပညာ အထက်တန်းကျောင်းတို့ရှိ စာစစ်ဌာနများသို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ် အေးချမ်းစွာဖြေဆိုနေမှုများကို လိုက်လံကြည့်ရှုအားပေးသည်။ ထို့နောက် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် မိဘပြည်သူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ကျေးဇူးတင်စကားပြောကြားပြီး စာမေးပွဲကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူးနှင့် တာဝန်ရှိသူ ဆရာ ဆရာမများအား ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်သည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်၊ မန္တလေးတိုင်းဒေသကြီးပညာရေးမှူးနှင့် တာဝန်ရှိသူများနှင့်အတူ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် အမှတ်(၂၇)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၊ ချမ်းမြသာစည်မြို့နယ် အမှတ်(၃၀)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၁၃)အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)ရှိ စာစစ်ဌာနများသို့သွားရောက်၍ ကျောင်းသား ကျောင်းသူ များ အေးချမ်းစွာဖြေဆိုနေမှုများကို လိုက်လံကြည့်ရှုအားပေးကာ ကြီးကြပ်ရေးမှူးနှင့် လက်ထောက်ကြီးကြပ်ရေးမှူးများအား ထောက်ပံ့ငွေများပေးအပ်ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

မွန်းလွဲပိုင်းတွင် ချမ်းအေးသာစံမြို့နယ် အမှတ်(၁၅)အခြေခံပညာ အထက်တန်းကျောင်းရှိ သိင်္ဂီဆောင်ခန်းမ၌ မန္တလေးတိုင်းဒေသကြီးပညာရေးမှူး၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် အခြေခံပညာ ဆရာ ဆရာမများအား တွေ့ဆုံ၍ အခြေခံပညာကဏ္ဍသည် အရေးကြီးကြောင်း၊ ဆရာ ဆရာမများကိုယ်တိုင် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာကောင်းမွန်စေရေး အလေးထားလိုက်နာကြရန်လိုကြောင်း၊ သတ်မှတ်ထားသည့် ဝတ်စားဆင်ယင်မှု စည်းကမ်းများ လိုက်နာကြရန်လိုအပ်ကြောင်း မှာကြားကာ ဆရာ ဆရာမများအတွက် ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။