ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန် တောင်ကြီးမြို့ရှိ တက္ကသိုလ်၊ ပညာရေးဒီဂရီ ကောလိပ်၊ အခြေခံပညာကျောင်းများနှင့် ကလောမြို့ရှိ အခြေခံပညာကျောင်းများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော် ၂၀၂၆ ဇန်နဝါရီ ၂၆

 

ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန်သည် ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဦးအောင်အောင်၊ ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့်၊ ပြည်နယ်ဝန်ကြီးများ၊ တာ၀န်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ယခင်ကွန်ပျူတာတက္ကသိုလ် (တောင်ကြီး)တွင် ဖွင့်လှစ်ထားသည့် ပညာရေးဒီဂရီကောလိပ်ကို တက္ကသိုလ်အဆင့် မြှင့်တင်ဖွင့်လှစ်နိုင်ရေး ကြည့်ရှုစစ်ဆေးသည်။

 

ကြည့်ရှုစဉ် ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး) ဒုတိယပါမောက္ခချုပ်က ကွန်ပျူတာက္ကသိုလ်၏ မြေနေရာအကျယ်အ၀န်း၊ ကျောင်းဆောင်များတွင် ကျောင်းသား ကျောင်းသူများ၀င်ဆံ့မှုနှင့် ကွန်ပျူတာတက္ကသိုလ်၏ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ပြည်ထောင်စု၀န်ကြီး၊ ပြည်နယ်၀န်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြန်လည်ပြင်ဆင်ရန်လိုအပ်သည့် ကွန်ပျူဝာာတက္ကသိုလ်(တောင်ကြီး) ပင်မဆောင်နှင့် စာသင်ဆောင်များ ပြန်လည်ပြင်ဆင်နိုင်ရေး ဆွေးနွေးကြပြီး ကွန်ပျူတာတက္ကသိုလ်ပင်မဆောင်၊ ဘောလုံးအားကစားကွင်းနှင့် ပြေးလမ်းများ တည်ဆောက်မည့်မြေနေရာနှင့် ကျောင်းသား ကျောင်းသူ အိပ်ဆောင်တိုးချဲ့တည်‌ဆောက်မည့်မြေနေရာ၊ တောင်ကြီးတက္ကသိုလ် သုတေသနစင်တာ ဓာတုဗေဒနှင့် ဇီဝဓာတုဗေဒသုတေသနခန်း၊ ရူပဗေဒသုတေသနခန်းများတွင် ကျောင်းသား ကျောင်းသူများ လက်တွေ့သုတေသနဆောင်ရွက်နေမှု၊ တက္ကသိုလ်အတွင်းရှိ အပန်းဖြေရိပ်သာနှင့် မိုးလုံလေလုံအားကစားခန်းမတို့ကို လှည့်လည်ကြည့်ရှုသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးပညာရေးဒီဂရီကောလိပ်၌  ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံပြီး တောင်ကြီးပညာရေးဒီဂရီကောလိပ်ကို တက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်မည်ဖြစ်ကြောင်း၊ ယင်းသို့ အဆင့်မြှင့်တင်ရာတွင်  ပညာရေးဒီဂရီကောလိပ်ငါးကျောင်းကို တက္ကသိုလ်အဆင့်မြှင့်တင်နိုင်ရန် အဆင်သင့်ပြင်ဆင်ထားရှိရမည်ဖြစ်ပြီး အဆောက်အအုံပိုင်းဖြစ်သည့် ရုပ်ပိုင်းဆိုင်ရာ တည်ဆောက်ရေးကိစ္စများလည်း ပြင်ဆင်ထားရမည်ဖြစ်သကဲ့သို့ သင်ကြားရေးကိစ္စများတွင်လည်း ပြင်ဆင်ထားရှိရမည်ဖြစ်ကြောင်း၊ ဆရာ ဆရာမများအနေဖြင့် မိမိတို့၏ သင်ရိုးညွှန်းတမ်းများကို ညှိနှိုင်းရေးဆွဲရမည်ဖြစ်ပြီး သင်ရိုးညွှန်းတမ်းများ ညှိနှိုင်း‌ရေးဆွဲရာတွင် ရန်ကုန်ပညာရေးတက္ကသိုလ်၊ စစ်ကိုင်းပညာရေးတက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ တောင်ကြီးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အေးသာယာမြို့ အမှတ်(၁)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများ၌ ကျောင်းသား ကျောင်းသူများ‌နှင့် သီခြားစီတွေ့ဆုံ အားပေးစကားပြောကြားသည်။

 

ယမန်နေ့ မွန်းလွဲပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများ၊ တာ၀န်ရှိသူများနှင့်အတူ ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့ အမှတ်(၁)အထက်တန်းကျောင်းရှိ စာသင်ဆောင်များ ဘောလုံးကွင်းပွဲကြည့်စင် ဆောက်လုပ်နေမှုနှင့် ကျောင်း၀င်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကျောင်းအုပ်ဆရာမကြီး၊ ဆရာ ဆရာမများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။