နေပြည်တော် ၂၀၂၆ ဇန်နဝါရီ ၁၀
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းတွင် Naypyitaw State Academy သို့ရောက်ရှိပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်၊ ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ပါမောက္ခများ၊ ဆရာ ဆရာမများတက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက နိုင်ငံတော်အကြီးအကဲက နေပြည်တော်ကို ပညာရေးမြို့တော်ဖြစ်လာစေရေးဦးတည်ချက်ဖြင့် Naypyitaw State Academy ကို မြန်မာနိုင်ငံ၏ ဦးဆောင်တက္ကသိုလ်ဖြစ်လာစေရန်မျှော်မှန်းကာ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၉ ရက်တွင်ဖွင့်လှစ်ပေးခဲ့ပါကြောင်း၊ ပညာရပ်အမျိုးအစားများစုံလင်စွာသင်ယူနိုင်သည့် တစ်ခုတည်းသောဘက်စုံလွှမ်းခြုံသည့် Comprehensive University ဖြစ်ပါကြောင်း၊ တက္ကသိုလ်၏အောင်မြင်မှုသည် မူဝါဒမှန်ကန်ကောင်းမွန်မှု၊ ပါမောက္ခချုပ်၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၏ လုပ်ဆောင်မှုအပေါ်တွင် တည်မှီနေပါကြောင်း၊ သို့ဖြစ်၍ ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများ၏ စိတ်ဓာတ်ကောင်းမွန်မှု၊ စည်းကမ်းလိုက်နာမှု အားကောင်းလာစေကာ ပညာတတ်အောင်သင်ကြား၊ သွန်သင်ပေးစေလိုပါကြောင်း၊ အတတ်ပညာနှင့် အသိပညာရှိသော လူတော်လူကောင်းများ၊ ပညာတတ်များဖြစ်အောင် သင်ကြားဆုံးမပေးရမည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများ၏ သင်ကြားမှုအရည်အသွေးမြှင့်တင်ရန်အတွက် ခေါင်းစဉ်လေးမျိုးဖြစ်သော အပြန်အလှန်ဆွေးနွေးခြင်းဖြင့် သင်ကြားသင်ယူနည်းစနစ်၊ ပညာရေးတွင် အေအိုင်ကိုအသုံးပြုနည်းစနစ်၊ သင်ကြားသင်ယူမှုနှင့် ပရောဂျက်များတွင် စာကြည့်တိုက်နှင့် အင်တာနက်ကို အသုံးချနည်းစနစ်၊ စဉ်းစားတွေးခေါ်မှုအရည်အသွေးငါးမျိုးကိုမြှင့်တင်နိုင်သည့် လေ့ကျင့်ခန်းနည်းစနစ်များကို အပတ်စဉ်ဌာနအလှည့်ကျ ဆွေးနွေးပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ဆရာ ဆရာမများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး လိုအပ်ချက်များ၊ အကြံပြုချက်များကို မေးမြန်းကာ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
