နေပြည်တော် ၂၀၂၅ ဒီဇင်ဘာ ၃၀
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ အခြေခံပညာကျောင်းများကို ယနေ့ နံနက်ပိုင်းတွင် ပညာရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်တို့သည် တာဝန်ရှိသူများနှင့်အတူ သီးခြားစီ သွားရောက် ကြည့်ရှုစစ်ဆေးကြသည်။
ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့်နှင့်အဖွဲ့သည် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ အမှတ်(၁၈)အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း (ရန်အောင်မြင်) နှင့် အမှတ်(၁၉)အခြေခံပညာအထက်တန်းကျောင်းများ၌ စာသင်ခန်းများအတွင်း ကျောင်းသား ကျောင်းသူများ ပညာသင်ယူနေမှုကို ကြည့်ရှုပြီး အားပေးစကားပြောကြားသည်။
ထို့နောက် ကျောင်းသားအရေအတွက်နှင့် စာသင်ခန်းမျှတမှုအခြေအနေ၊ သောက်သုံးရေလုံလောက်မှုအခြေအနေ၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး အခြေအနေ၊ စာသင်ခန်းများ၊ ကျောင်းမုန့်ဈေးတန်း၊ စက်ဘီးရပ်နားရုံ၊ ကစားကွင်းနှင့် သန့်စင်ခန်းများ သန့်ရှင်းသပ်ရပ်မှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
အလားတူ ဒုတိယ၀န်ကြီး ဦးနေမျိုးလှိုင်နှင့်အဖွဲ့သည် နေပြည်တော် ဇေယျာသီရိမြို့နယ်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ပုဗ္ဗသီရိမြို့နယ် အမှတ်(၁၃)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၂၀)အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ပြီး ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာလှပရေး၊ ကျောင်းသားကျောင်းသူများ စုပေါင်းတန်းစီကွင်းများ စနစ်တကျရှိစေရေးနှင့် တန်းစီကွင်းရှိ အလံတိုင်များ သတ်မှတ်ညွှန်ကြားချက်များနှင့်အညီဖြစ်စေရေး၊ စာသင်ခန်းလုံလောက်မှုနှင့် ကျောင်းသားဝင်ဆံ့မှုအခြေအနေ၊ ကျောင်းမုန့်ဈေးတန်းတွင် ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာများရောင်းချရေး၊ ဆိုင်ကယ်နှင့်စက်ဘီး ထားရှိရန်အတွက် နေရာသတ်မှတ်ဆောင်ရွက်ထားရှိရေး၊ သန့်စင်ခန်းပြည့်စုံမှု အခြေအနေကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
