ဒုတိယဝန်ကြီး ‌ဒေါက်တာဇော်မြင့် တက္ကသိုလ်များနှင့် အခြေခံပညာကျောင်းများ လှည့်လည်ကြည့်ရှုစစ်ဆေး

 

ရန်ကုန် ၂၀၂၅ ဒီဇင်ဘာ ၁၃

 

ပညာရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့်သည် ညွှန်ကြားရေးမှူးချုပ်များ၊ တာ၀န်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကမာရွတ့်နယ်ရှိ ရန်ကုန်တက္ကသိုလ် သထုံလမ်းဘောလုံးအားကစားကွင်းအတွင်းရှိ ပြေးလမ်းများ အသစ်ပြင်ဆင်ရေးနှင့် လေ့ကျင့်ကွင်းများ ပြင်ဆင်ထိန်းသိမ်းရေး ကွင်းဆင်းကြည့်ရှုဆောင်ရွက်ပေးပြီး လေ့ကျင့်ကွင်းအတွင်း အားကစား လရောက်လေ့ကျင့်နေသော ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်နှင့် ရန်ကုန်ပညာရေးတက္ကသိုလ်တို့မှ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံအားပေးစကားပြောကြားကာ အားဖြည့်အစားအစာနှင့် အားဖြည့်အချိုရည်များ နေ့စဉ်တိုက်ကျွေးပေးရေး စီစဉ်ပေးသည်။

 

ထို့နောက် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်အတွင်း လှည့်လည်ကြည့်ရှုပြီး တက္ကသိုလ်ဥပဓိရုပ်ကောင်းမွန်ရေး၊ စည်းကမ်းတကျ အမှိုက်စွန့်ပစ်သည့် အလေ့အကျင့်ကောင်းများ ပျိုးထောင်ရေး၊ စာသင်ခန်း၊ စာသင်ခုံ၊ whiteboard များ သပ်ရပ်ကောင်းမွန်ရေး၊ အားကစားကွင်း၊ အားကစားရုံများတွင် ကျောင်းသားကျောင်းသူများ နေ့စဉ် ကစားနိုင်စေရေးတို့ကို ဆွေးနွေးမှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။

 

ယမန်နေ့ နံနက်ပိုင်းကလည်း ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် မင်းဓမ္မပညာ့ရိပ်သာအိမ်ရာဝန်းအတွင်းရှိ ၀န်ထမ်းအိမ်ရာများ၊ ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) အတွင်းရှိ ဆရာမဆောင်များ၊ ကျောင်းသားကျောင်းသူအဆောင်၊ မိုးလုံလေလုံ အားကစားရုံ၊ ဧည့်ဂေဟာ၊ လှိုင်နယ်မြေပတ်လမ်းနှင့် အင်းယားလမ်းတစ်လျှောက် လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းပေးသည်။

 

ထို့နောက် မရမ်းကုန်းမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁၇) အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း၊ အမှတ်(၇)အခြေခံ ပညာမူလတန်းကျောင်းများကို လှည့်လည်ကြည့်ရှုပြီး ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး ဖြည့်ဆည်းပေးကာ ကျောင်းသားကျောင်းသူများအား ဗလာစာအုပ်နှင့် စာရေးကိရိယာများပေးအပ်သည်။

 

မွန်းလွဲပိုင်းတွင် ရွာသာကြီးရှိ ရန်ကုန်စီးပွားရေးတက္ကသိုလ်၌ အပန်းဖြေရိပ်သာနှင့် တက္ကသိုလ်ဘောလုံးကွင်း အဆင့်မြှင့်တင်ရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် (၂၅)နှစ်မြောက် ငွေရတုအထိမ်းအမှတ်အခမ်းအနားကျင်းပရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။