နေပြည်တော် ၂၀၂၅ နို၀င်ဘာ ၂၁
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ဒုတိယဝန်ကြီးဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများအတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hub ခန်းမ၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရန် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲသင်တန်း တက်ရောက်လျက်ရှိသည့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက Grade-12 စာမေးပွဲကြီးကြပ်ရေးလုပ်ငန်းစဉ်သည် စာမေးပွဲခန်းစောင့်ကိစ္စရပ် တစ်ခုတည်းမဟုတ်ဘဲ မေးခွန်းများစာမေးပွဲခန်းအတွင်း ရောက်သည်အထိ လုပ်ငန်းစဉ်အဆင့်ဆင့်သည် တာဝန်ကြီးသည့်အတွက် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးများအားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုပါကြောင်း။
သင်တန်းမှပို့ချလိုက်သည်များကို သေချာစွာ မှတ်သားလိုက်နာပြီး စာမေးပွဲကြီးကြပ်လုပ်ငန်းများ အကောင်းဆုံးဖြစ်စေရန်နှင့် အဆင်ပြေချောမွေ့စေရေး ဆောင်ရွက်ကြစေလိုပါကြောင်း၊ စာမေးပွဲလုပ်ငန်းသည် ပညာရေးဝန်ကြီးဌာန၏ အဓိကအရေးကြီးသော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များသို့ ပြန်လည်ရောက်ရှိချိန်တွင် ဆင့်ပွားသင်တန်းများ ပို့ချရာ၌ ယခုသင်တန်းမှဆွေးနွေးပို့ချချက်များကို သင်တန်းသား သင်တန်းသူများ အပြည့်အဝရရှိစေရန် ဆောင်ရွက်ကြစေလိုပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး အလေးထား အားပေးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ “နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့ ပညာရေးကို အားပေးစို့”ဆိုသည့် ဆောင်ပုဒ်၏ ရည်ရွယ်ချက်အောင်မြင်ပေါက်မြောက်စေရန် ယခုဆွေးနွေးပွဲသင်တန်းသည် အရေးကြီးသည့်အတွက် အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)သို့ရောက်ရှိပြီး မကြာမီ ကျောင်းများပြန်လည် ဖွင့်လှစ်တော့မည်ဖြစ်သည့်အတွက် ဥပဓိရုပ်ကောင်းမွန်ရေး၊ တက္ကသိုလ် ပရိဝုဏ်အတွင်းနှင့် စာသင်ဆောင်များတွင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အမှိုက်များစနစ်တကျ စွန့်ပစ်ရေး၊ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဇုန်များခွဲခြားသတ်မှတ်ပြီး စနစ်တကျကြီးကြပ်ဆောင်ရွက်ရေး၊ သစ်ပင်များ စိမ်းလန်းစိုပြည်သာယာလှပစေရန်အတွက် အလင်းဖွင့်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရေးတို့ကို တာ၀န်ရှိသူများအား မှာကြားသည်။
ယင်းနောက် မင်းဓမ္မပညာ့ရိပ်သာအိမ်ရာအတွင်းရှိ ဝန်ထမ်းအိမ်ရာများနှင့် လှိုင်နယ်မြေ ဝန်ထမ်းအိမ်ရာရှိ သုံးထပ်ဆောင်ခန်းမတို့ကို ကြည့်ရှုစစ်ဆေးသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် ရန်ကုန်အဝေးသင်တက္ကသိုလ် အစည်းအဝေးခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ (ဌာနမှူး)များနှင့် တွေ့ဆုံ၍ အဝေးသင်ပညာရေးကို အရည်အသွေးမြှင့်တင်ဆောင်ရွက်နိုင်ရေး၊ အဝေးသင်ပညာရေးစနစ် ပိုမိုကောင်းမွန်စေရေး၊ စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
