အင်္ဂလိပ်စာစွမ်းရည်မြင့်မားစေရေး တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

 

နေပြည်တော် ၂၀၂၅ နို၀င်ဘာ ၁၀

 

အင်္ဂလိပ်စာစွမ်းရည်မြင့်မားစေရေး တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ည‌နေပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အင်္ဂလိပ်စာ ဆရာ ဆရာမများနှင့်တာ၀န်ရှိသူများ တက်ရောက်ကြပြီး တက္ကသိုလ်များမှပါမောက္ခချုပ်များ၊ အင်္ဂလိပ်စာဌာန ပါမောက္ခ(ဌာနမှူး)များက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။

 

ဆွေးနွေးပွဲတွင် ပြည်ထောင်စု၀န်ကြီးက အခြေခံပညာကဏ္ဍတွင် သင်ကြားသည့် ဆရာ ဆရာမများ၏ အင်္ဂလိပ်စာစွမ်းရည်များ ပိုမိုမြင့်မားကောင်းမွန်စေရေးအစီအစဉ်များ စဉ်းစားဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် Native Speaker များနှင့် သင်ကြားနိုင်ရေး ချိတ်ဆက်စီစဉ်‌ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသင်တန်းသို့ အခြေခံပညာကဏ္ဍမှ ဆရာ ဆရာမများလည်း တက်ရောက်ရမည်ဖြစ်ပြီး TOT သင်တန်းများ ဆက်လက်ဖွင့်လှစ် ပို့ချမည်ဖြစ်ကြောင်း၊ သင်တန်းပို့ချရာတွင် သင်တန်းတက်ရောက်မည့်သူများအား စိစစ်‌‌ရွေးချယ်နိုင်ရေး အင်္ဂလိပ်စာဘာသာရပ် ဦးဆောင်သည့် ဆရာ ဆရာမကြီးများက  အဓိကရွေးချယ်ပေးစေလိုကြောင်း၊ အထူးသဖြင့် အခြေခံပညာတွင်ရှိသည့် အင်္ဂလိပ်စာဘာသာရပ်သင် ဆရာ ဆရာမများကို အဓိကသင်တန်းပေးလိုခြင်းဖြစ်ကြောင်း၊ တက္ကသိုလ်အဆင့် ဆရာ ဆရာမများက ဦးဆောင်၍ အတူတကွလက်တွဲပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း။

 

အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲများ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲများ ကျင်းပလျက်ရှိ‌သော်လည်း ပိုမိုကောင်းမွန်သည့် အစီအစဉ်များဖြင့် ဆောင်ရွက်နိုင်ရေး စဉ်းစားဆောင်ရွက်ကြစေလိုကြောင်း၊ အင်္ဂလိပ်စာ ပိုမိုတတ်မြောက်စေရေးသည် ရေရှည်စီမံကိန်းဖြစ်သည့်အတွက် အင်္ဂလိပ်စာဆရာကြီး ဆရာမကြီးများအနေဖြင့် ပညာရေး၀န်ကြီးဌာနနှင့် ပူးပေါင်း၍ ဆောင်ရွက်ကြစေလိုကြောင်း၊ National Level သွားမည့် အင်္ဂလိပ်စာစွမ်းရည်တိုးတက်မြင့်မားစေရေး သင်ကြားရေး နည်းလမ်းများနှင့်စပ်လျဉ်း၍ ဝိုင်း၀န်းအကြံပြု ဆွေးနွေးကြစေလိုကြောင်းနှင့် အင်္ဂလိပ်စာစွမ်းရည် ပိုမိုတိုးတက်မြင့်မားစေ‌ရန် ဘက်ပေါင်းစုံမှ ဝိုင်း၀န်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ Grade-12 မအောင်မြင်သည့် ကျောင်းသားကျောင်းသူများအတွက် ပညာသင်ယူခွင့် အခွင့်အလမ်းများ ဖော်ထုတ်ပေးနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပညာရပ်ပိုင်းဆိုင်ရာ ဆက်လက်သင်ယူလိုသူများနှင့် သက်မွေးပညာကဏ္ဍသို့ သွားရောက်လိုသူများအတွက် ပညာသင်ယူနိုင်မည့် နည်းလမ်းများကို ဖန်တီးပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ဒုတိယ၀န်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြားပြီး ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များနှင့် တာဝန်ရှိသူများက အင်္ဂလိပ်စာအ‌ရည်အသွေး တိုးတက်မြင့်မားစေရေး သင်ကြားနိုင်မည့်နည်းလမ်းများ၊ Grade-12 မအောင်မြင်သည့် ကျောင်းသားကျောင်းသူများအတွက် ဆက်လက်သင်ယူနိုင်မည့် သင်တန်းများ ဖွင့်လှစ်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ တင်ပြဆွေးနွေးကြရာ ပြည်ထောင်စု၀န်ကြီးက ပြန်လည်ဆွေးနွေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။