၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်ကျောင်းသား ကျောင်းသူများ ပြည်ပလေ့လာရေးခရီးမှ ပြန်လည်ရောက်ရှိ

 

နေပြည်တော် ၂၀၂၅ အောက်တိုဘာ ၁၉

 

နိုင်ငံတော်အစီအစဉ်ဖြင့် ပြည်ပလေ့လာရေးခရီးစဉ်စေလွှတ်ခဲ့သည့် ၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာတွဲအလိုက် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူ ၃၃ ဦးနှင့် အုပ်ချုပ်သူများသည် ယမန်နေ့နံနက်ပိုင်းက ထိုင်းနိုင်ငံ Samut Prakan ခရိုင်ရှိ Ancient City တွင် ထိုင်းနိုင်ငံ၏ သမိုင်းနှင့်ယဉ်ကျေးမှု အမွေအနှစ်များကို လေ့လာကြည့်ရှုပြီး MBK Shopping Center တွင် ဈေး၀ယ်လေ့လာကာ နေ့လယ်စာသုံးဆောင်ခဲ့ကြသည်။

 

မွန်းလွဲပိုင်းတွင် Madame Tussauds Museum တွင် ကမ္ဘာကျော်ပုဂ္ဂိုလ်များ၏ ဖ‌ယောင်းရုပ်ပုံတူများကို ကြည့်ရှုလေ့လာကာ အမှတ်တရဓာတ်ပုံရိုက်ကြပြီး Siam Ocean World ၌ ပင်လယ်ရေအောက်သတ္တဝါများကို လက်တွေ့လေ့လာ ကြည့်ရှုကြသည်။ ည‌နေပိုင်းတွင် Chatuchak Weekend Market သို့ ရောက်ရှိကာ ဈေးဝယ်လေ့လာကြသည်။

 

ယနေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ Arun ဘုရားနှင့် မြဘုရားသို့ သွားရောက် ဖူး‌မြော်ကြည်ညိုကြပြီး Queen Strikit Museum of Textile သို့ရောက်ရှိကာ ထိုင်းဘုရင်များ၏ ခေတ်အဆက်ဆက် ဖွံ့ဖြိုးတိုးတက်လာသည့် အထည်အလိပ်အနုပညာတို့ကို ကြည့်ရှုလေ့လာခဲ့ကြသည်။

 

ဆက်လက်၍ Bangkok National Museum တွင် ထိုင်းနိုင်ငံ၏ ရှေးဟောင်းအနုပညာ လက်ရာများနှင့် သမိုင်း၀င်အထောက်အထားများကို လေ့လာခဲ့ကြပြီး ညပိုင်းတွင် လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာ၍ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြ‌သည်။

 

၂၀၂၅ ခုနှစ် တက္တသိုလ်ဝင်စာမေးပွဲတွင် ဘာသာတွဲအလိုက် အမှတ်အများဆုံးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ထူးချွန်ကျောင်းသားကျောင်းသူများအား  ချီးမြှင့်ဂုဏ်ပြုသည့်အနေဖြင့် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၏လမ်းညွှန်ချက်နှင့်အညီ ပညာရေးဝန်ကြီးဌာနက ပြည်ပနိုင်ငံအတွေ့အကြုံကောင်းများရရှိရေး၊  နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် ရှင်သန်ထက်မြက်စေရေးအတွက်  စီစဉ်ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။