နေပြည်တော် ၂၀၂၅ အောက်တိုဘာ ၉
အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း(၂၀၁၆-၂၀၂၁)နှင့် (၂၀၂၁-၂၀၃၀)အရ "ကျောင်းများနှင့် ပညာသင်ယူရာဌာနအားလုံးတွင် ကျောင်းသားများ၏ သင်ယူတတ်မြောက်မှုများ သိသာထင်ရှားစွာ တိုးတက်လာရေးကို ဦးတည်သည့် ပိုမိုတိုးတက်ကောင်းမွန်သော သင်ကြားသင်ယူမှု၊ သက်မွေးပညာရေးနှင့်လေ့ကျင့်ရေး၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှုများ ဖြစ်ထွန်းလာစေရေး"ဆိုသည့် ရည်မှန်းချက်ပန်းတိုင်ကိုချမှတ်ကာ သာတူညီမျှမှုရှိပြီး အရည်အသွေးပြည့်ဝသည့် ပညာရေးစနစ်ဖြစ်စေရန် ဦးတည်ဆောင်ရွက်လျက်ရှိပါကြောင်း။
ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန်က ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ယနေ့မွန်းလွဲ ၁နာရီတွင် ကျင်းပသည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာ ဆရာများအတွက် သာတူညီမျှမှုကို အခြေခံသော ဆရာအတတ်ပညာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး အညွှန်းဘောင်ဆိုင်ရာအရည်အသွေးမြှင့် (ဗဟိုအဆင့်) နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ဆရာ ဆရာမများအားမှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အခြေခံပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် ကျောင်းနေအရွယ် ကလေးအားလုံး အရည်အသွေးပြည့်ဝသော အခြေခံပညာ သင်ယူမှုအခွင့်အလမ်းများကို သာတူညီမျှရရှိရေးနှင့် ဆရာများ၏အရည်အသွေး မြင့်မားရေးတို့သည် အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်နေသည့်အတွက် သင်ကြားသင်ယူမှုနှင့်စပ်လျဉ်းသည့် ဆရာအတတ်ပညာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် ပညာရပ်ဗဟုသုတများ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုများ၊ သင်ကြားမှုနည်းလမ်းများ၊ ကိုယ်ရည်ကိုယ်သွေးများ၊ လုပ်ငန်းခွင်အရည်အသွေးများ တိုးတက်ကောင်းမွန်နေစေရေး အစဉ်လေ့လာသင်ယူနေကြရမည်ဖြစ်ပါကြောင်း၊ ယခုဖွင့်လှစ်သည့်သင်တန်းတွင် ဆွေးနွေးပို့ချလိုက်သည့် သင်ခန်းစာများကို စာတွေ့လက်တွေ့ပေါင်းစပ်ပြီး အတတ်ပညာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြစေလိုပါကြောင်း မှာကြားသည်။
အဆိုပါ နည်းပြသင်တန်း ပထမအသုတ်ကို နေပြည်တော် အမှတ်(၁၄)အခြေခံပညာ အထက်တန်းကျောင်းတွင် အောက်တိုဘာ ၈ရက်မှ ၉ရက်အထိ ပို့ချလျက်ရှိရာ အခြေခံပညာဦးစီးဌာနမှ အရာထမ်းများက နည်းပြများအဖြစ် ဦးဆောင်ဆွေးနွေးပို့ချလျက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အလယ်တန်းနှင့် အထက်တန်းကျောင်းအုပ် ဆရာ ဆရာမ သင်တန်းသား သင်တန်းသူ ၁၂၂ ဦး တက်ရောက်လျက်ရှိသည်။
သင်တန်း ဒုတိယအသုတ်ကို အောက်တိုဘာ ၁၀ရက်နှင့် ၁၁ရက်တို့တွင် ဆက်လက်ပို့ချသွားမည်ဖြစ်ရာ မူလတန်းကျောင်းအုပ် ဆရာ ဆရာမ ၁၂၂ ဦး တက်ရောက်ကြမည်ဖြစ်သည်။
အဆိုပါ အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာ၀န်ရှိသူများနှင့် သင်တန်းသား သင်တန်းသူ ဆရာ ဆရာမများ တက်ရောက်ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည် နိုင်ငံတော်အစီအစဉ်ဖြင့် ပြည်တွင်း၊ ပြည်ပလေ့လာရေးခရီးသွားရောက်မည့် ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင် ထူးချွန် ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံ၍ ပြည်ပခရီးသွားရောက်ရာတွင် ကြိုတင်ပြင်ဆင်လေ့လာထားရမည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ မှာကြားပြီး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
