နေပြည်တော် ၂၀၂၅ စက်တင်ဘာ ၃၀
မြန်မာရွှေ့ပြောင်းကျောင်းသား ကျောင်းသူများအား အတန်းနေရာချထားမှု (Placement Test)နှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၅၂) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကရင်ပြည်နယ်ပညာရေးမှူး၊ မြန်မာရွှေ့ပြောင်း လုပ်သားကော်မတီ (BMWEC)နှင့် မြန်မာရွှေ့ပြောင်းပညာရေးထောက်ပံ့မှု ဖောင်ဒေးရှင်းနှင့် ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းပညာရေး၊ ကျောင်းပြင်ပ ပညာရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းနေအရွယ် ကလေးအားလုံးပညာပေးရာ နေရာအသီးသီးသို့ရောက်ရှိပြီး ကိုယ်စိတ်နှစ်ပါး အေးချမ်းလုံခြုံစွာ စာသင်ကြားနိုင်ရန် အရေးကြီးကြောင်း၊ စာတတ်မြောက်မှသာ အမှားအမှန်ကိုခွဲခြားနိုင်သည့် အသိပညာ အတတ်ပညာများကို ဆက်လက်လေ့လာသင်ယူနိုင်မည်ဖြစ်ကြောင်း၊ ကျောင်းပြင်ပပညာရေးမှ ကျောင်းပညာရေး (သို့မဟုတ်)နည်းပညာနှင့် သက်မွေးပညာရေးသို့ ကူးပြောင်းနိုင်သည့် တန်းညှိ ပညာရေးအစီအစဉ်ကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊
မြန်မာရွှေ့ပြောင်း ကျောင်းသား ကျောင်းသူများ၏ ပညာသင်ယူမှုအခွင့်အလမ်းနှင့်ပတ်သက်၍ ကျောင်းပြင်ပပညာရေးဆိုင်ရာ မူဝါဒများနှင့်အညီ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာရွှေ့ပြောင်း ကျောင်းသား ကျောင်းသူများ၏ ပညာဆက်လက်သင်ယူမှုနှင့် ပတ်သက်ပြီး ကလေးများ ပညာသင်ယူမှုအခွင့်အလမ်း မဆုံးရှုံးစေရေးအတွက် လိုအပ်သည်များကို လုပ်ထုံးလုပ်နည်း မူဝါဒများနှင့်အညီ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်က မြန်မာရွှေ့ပြောင်း ကျောင်းသား ကျောင်းသူများအား အတန်းနေရာချရန် ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်ဇင်ထွန်းက ကျောင်းပြင်ပ ပညာရေးဆိုင်ရာမူဝါဒများနှင့် ကျောင်းပညာရေးနှင့် ကျောင်းပြင်ပ ပညာရေး လုပ်ငန်းစဉ်များအကြားရှိ တန်းညှိပညာရေးအကောင်အထည်ဖော် ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန အရည်အသွေးအာမခံမှု၊ အသိအမှတ်ပြုခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်းနှင့် အကဲဖြတ်ခြင်းဌာန ညွှန်ကြားရေးမှူး ဒေါ်အိဖြိုးဝင်းက အတန်းနေရာချထားမှုနှင့် ပတ်သက်၍လည်းကောင်း ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ကရင်ပြည်နယ် ပညာရေးမှူးက အတန်းနေရာချထားမှု (Placement Test) ဆောင်ရွက်ရန်အတွက် စီစဉ်ပေးနိုင်မည့် အခြေအနေများကိုလည်းကောင်း၊ မြန်မာရွှေ့ပြောင်း လုပ်သားကော်မတီ (BMWEC)မှ ဒေါက်တာစောဌေးမြင့်က မြန်မာရွှေ့ပြောင်း ကျောင်းသား ကျောင်းသူများ၏ သင်ကြားသင်ယူမှု အခြေအနေများနှင့် လက်ရှိကြုံတွေ့နေရသော အခြေအနေများကို လည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
