၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ပညာရေးဝန်ထမ်းမိသားစု၀င် သားသမီးများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

 

နေပြည်တော် ၂၀၂၅ စက်တင်ဘာ ၁၁

 

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ပညာရေးဝန်ထမ်း မိသားစု၀င်သားသမီးများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ‌ချောချောစိန်၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆုရကျောင်းသားကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ကျောင်းသား ကျောင်းသူများအနေဖြင့် အဆင့်မြင့်ပညာကို လေ့လာသင်ယူရာတွင် ဘွဲ့ရရှိရုံတင်သာမက အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး မှန်ကန်သည့်အတွေးအခေါ်၊ ကျယ်ပြန့်သည့် အတွေးအမြင်နှင့်ပြည့်စုံကောင်းမွန်သည့် လူနေမှုဘဝကို ဖန်တီးနိုင်ရေး၊ နိုင်ငံ၏လူမှုအသိုက်အဝန်း တိုးတက်မြင့်မားအောင် စွမ်းဆောင်နိုင်‌ရေး ဆက်လက်ကြိုးစားကြရန်နှင့် အဆင့်မြင့်ပညာရပ်များကို သင်ကြားရာတွင်  မိမိတို့ဝါသနာပါသည့် ပညာရပ်များကို မှန်ကန်စွာရွေးချယ်ကြရန်၊ လူငယ်များအနေဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတကာနှင့်ထိတွေ့နေရသည့်အတွက် မိမိတို့၏ယဉ်ကျေးမှု အစဉ်အလာများ မပပျောက်စေရန် ဉာဏ်ပညာနှင့်ဆန်းစစ်သုံးသပ်ပြီး ထိန်းကျောင်းရန်၊ တိုင်းပြည်နှင့်လူမျိုးကို ချစ်မြတ်နိုးပြီး အမျိုးဘာသာသာသနာကို ကာကွယ်စောင့်ရှောက်ကြရန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို မပျောက်ပျက်အောင်ထိန်းသိမ်းပြီး မိမိတို့လေ့လာသင်ယူထားသည့်ပညာဖြင့် နိုင်ငံနှင့်လူမျိုးကိုအကျိုးပြုပြီး မျိုးဆက်သစ်လူငယ်များအတွက် စံပြဖြစ်အောင် လုပ်ဆောင်ကြရန် တိုက်တွန်းပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများက  ခြောက်ဘာသာဂုဏ်ထူးနှင့် ငါးဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြသည့် ကျောင်းသားကျောင်းသူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြပြီး ဆုရကျောင်းသားကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက “ဇာတိမာန်” တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

 

ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ပညာရေးဝန်ထမ်းသားသမီး ၃၅၈၀ ဦး‌အောင်မြင်ခဲ့ပြီး ခြောက်ဘာသာဂုဏ်ထူးရှင် ၁၄ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၄၀ ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၁၁၀ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၂၇၇ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၂၈၃ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၄၃၄ ဦးနှင့် ရိုးရိုးအောင်မြင်သူ ၂၄၂၂ ဦးရှိပြီး ပညာရေးဝန်ထမ်းမိသားစုများ၏ ကြိုးစားအားထုတ်မှုနှင့် တာဝန်ကျေပွန်မှုများကို ဂုဏ်ပြုသောအားဖြင့် လက်ရှိတာဝန်ထမ်းဆောင်နေသည့် ပညာရေးမိသားစုများသာမက သက်ပြည့်အငြိမ်းစားနှင့် ကွယ်လွန်သူများ၏ သားသမီးများကိုပါ ဂုဏ်ထူး တစ်ဘာသာလျှင် ငွေကျပ် တစ်သိန်းငါး‌သောင်းနှုန်း၊ ရိုးရိုးအောင်မြင်သူတစ်ဦးလျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့် ချီးမြှင့်ခဲ့ကြောင်း သိရသည်။