နေပြည်တော် ၂၀၂၅ ဩဂုတ် ၁၉
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ဒုတိယဝန်ကြီးဦးနေမျိုးလှိုင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ် သဲကောကြီး အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာသင်ယူနေမှုကို ကြည့်ရှုအားပေးစကား ပြောကြားသည်။
ထို့နောက် ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများနှင့်တွေ့ဆုံ၍ ကျောင်းသား ကျောင်းသူများ လိမ္မာရေးခြားရှိရေး၊ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ် မြင့်မားတိုးတက်စေရေး ဆောင်ရွက်ရာတွင် ဆရာ ဆရာမများက စံနမူနာပြဆောင်ရွက်ကြရန်၊ ထိရောက်သည့် သင်ကြားသင်ယူမှုများ ဆောင်ရွက်နိုင်ရေး၊ သင်ထောက်ကူပစ္စည်းများ အသုံးပြုရေးနှင့် လိုအပ်ချက်များရှိပါက ဖြည့်ဆည်းဆောင်ရွက်ပေးကြရန်၊ ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများ အမှန်တကယ် တတ်မြောက်အောင် သင်ကြားပေးကြရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ပျိုးထောင်ပေးကြ စေလိုကြောင်းပြောကြားသည်။
ယင်းနောက် အင်းသာအခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ ကျောင်းသား ကျောင်းသူများ သင်ယူနေမှုကို ကြည့်ရှုအားပေးစကားပြောကြားပြီး ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများနှင့်တွေ့ဆုံ၍ ကျောင်းသန့်ရှင်းသာယာလှပရေး၊ သင်ကြားရေး၊ စီမံခန့်ခွဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြောကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
