ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ တက္ကသိုလ်၀င်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ဖြေဆိုနေမှု လှည့်လည်ကြည့်ရှုအားပေး

နေပြည်တော် ၂၀၂၅ ဇွန် ၁၇

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ် အေးချမ်းစွာ ဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆိုကြသည့် ကျောင်းသား ကျောင်းသူများ၊ လိုက်ပါပို့ဆောင်ပေးကြသည့် ကျောင်းသားမိဘများနှင့် အုပ်ထိန်းသူ များအား တွေ့ဆုံအားပေးစကားပြောကြားပြီး တာဝန်ကျစာမေးပွဲကြီးကြပ်ရေးမှူးနှင့် လက်ထောက် ကြီးကြပ်ရေးမှူး ဆရာ ဆရာမများက စာဖြေသူများလိုက်နာရန် စာမေးပွဲစည်းမျဉ်းစည်းကမ်းများကို ဖတ်ကြားရှင်းပြခြင်း၊ ခုံအမှတ်မှန်ကန်မှုစစ်ဆေးခြင်း၊ မေးခွန်းစာမျက်နှာစုံလင်မှုစစ်ဆေးခြင်းတို့ ဆောင်ရွက်နေမှုနှင့် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနေမှုတို့ကို ကြည့်ရှု စစ်ဆေးသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ်(၁၄)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၂၂)အခြေခံပညာအထက်တန်းကျောင်းတို့၌ ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ် အေးချမ်းစွာဖြေဆိုနေမှုကို ကြည့်ရှုအားပေး၍ ကျောင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

ယနေ့ကျင်းပသည့် စာမေးပွဲတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ စာစစ်ဌာန စုစုပေါင်း ၄၇ ခု၌ စာမေးပွဲဖြေဆိုရန် စုစုပေါင်း ၁၂၅၃၁ ဦး စာရင်းပေးသွင်းကြပြီး အင်္ဂလိပ်စာဘာသာရပ်ကို ၁၂၄၀၆ ဦး ဝင်ရောက်ဖြေဆိုကြရာ ရာခိုင်နှုန်းအားဖြင့် ၉၉ ဒသမ ၀၀ ရာခိုင်နှုန်း ဖြေဆိုကြသည်။

 

တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို နေပြည်တော်ကောင်စီနယ်မြေ၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးရှိ ၂၉ ခရိုင်၊ ၅၈ မြို့နယ်တို့တွင် စာစစ်ဌာနစုစုပေါင်း ၁၉၅ ခုတို့၌ စာမေးပွဲဖြေဆိုရန် စုစုပေါင်း ၆၃၆၇၃ ဦး စာရင်းပေးသွင်းကြပြီး ၆၂၈၀၀ ဦး ဝင်ရောက်ဖြေဆိုကြရာ ရာခိုင်နှုန်းအားဖြင့် ၉၈ ဒသမ ၆၃ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။