နေပြည်တော် ၂၀၂၅ ဧပြီ ၁၁
ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် အမှတ်(၃)၊ အမှတ်(၅)၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းများ၊ ကျောက်ချက်အခြေခံ ပညာအထက်တန်းကျောင်းနှင့် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတို့သို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ကျောင်းဝန်းအတွင်းရှိ အုတ်တံတိုင်း၊ ကျောင်းဆောင် စသည်များကို ကြည့်ရှုစစ်ဆေးပြီး ငလျင်ဒဏ်သင့် ပညာရေးဝန်ထမ်း ဆရာ ဆရာမများနှင့် ပျဉ်းမနားမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးနှင့်သင်ပြနည်းပညာ ဒီပလိုမာ သင်တန်း တက်ရောက်နေသည့် ဆရာ ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေး စကားပြောကြားသည်။
ထိုသို့ပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီးက ပြင်းထန်သည့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုများကို အမြန်ဆုံးပြန်လည်ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ငလျင်ဒဏ်သင့် ပညာရေးဝန်ထမ်းများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ပေးနေပါကြောင်း၊ လာမည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းဖွင့်ချိန်အမီ ကြိုတင်လုပ်ဆောင်ရမည့်လုပ်ငန်းကို ပြင်ဆင်ဆောင်ရွက်၍ ကျောင်းသား ကျောင်းသူများ၏ ပညာသင်ယူမှု အခွင့်အလမ်း အပြည့်အဝရရှိအောင် အားလုံးလက်တွဲညီညီ ဆောင်ရွက် သွားကြမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များက ငလျင်ဒဏ်သင့် ပညာရေးဝန်ထမ်း ဆရာ ဆရာမများအား စားသောက်ကုန်များ ထောက်ပံ့ပေးအပ်၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
