ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ငလျင်ဘေးဒဏ်သင့် ပညာရေးဝန်ထမ်းမိသားစုများထံ သွားရောက်တွေ့ဆုံအားပေး

 

နေပြည်တော် ၂၀၂၅ မတ် ၃၁

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တာဝန်ရှိသူများနှင့်အတူ မတ် ၂၉ရက် ညနေပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း ရှိ ငလျင်ဘေးဒဏ်သင့် ပညာရေးဝန်ထမ်းမိသားစုများထံ သွားရောက်တွေ့ဆုံ၍ အားပေးစကား ပြောကြားသည်။

 

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူ များအား ငလျင်ဘေးဒဏ်သင့် ပညာရေးဝန်ထမ်းများအတွက် သောက်သုံးရေနှင့် စားဝတ်  နေရေးအဆင်ပြေစေရေးနှင့် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များကို အမြန်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ ကျန်းမာရေးကို အထူးဂရုစိုက်၍ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဦးစီးဌာနအလိုက် ပညာရေး ဝန်ထမ်းမိသားစုများ၏ အခက်အခဲများကို တတ်စွမ်းသမျှအင်အားများဖြင့် ညီညီညွတ်ညွတ် ဝိုင်းဝန်းကူညီဆောင်ရွက်ကာ ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်ကြောင်းမှာကြားကာ ငလျင်ဘေးဒဏ် သင့် ဝန်ထမ်းမိသားစုများ ယာယီနေထိုင်သည့်နေရာများကို လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ပြိုကျပျက်စီးသွားသည့် တိုက်အမှတ် (၃၃၆၆) သို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ ငလျင်ဘေးဒဏ်သင့် ပညာရေးဝန်ထမ်းမိသားစုများအား ရင်းရင်း နှီးနှီးတွေ့ဆုံ၍ လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် Naypyitaw State Academy သို့သွားရောက်၍ ငလျင်ဘေးဒဏ်သင့် ပညာရေးဝန်ထမ်းမိသားစုများအား တွေ့ဆုံအားပေးကာ ရေ၊ မီးလိုအပ်ချက် များနှင့် စား၊ ဝတ်၊ နေရေး အဆင်ပြေစေရေးအတွက် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

အလားတူ မတ် ၃၀ ရက်တွင်လည်း ငလျင်ဘေးဒဏ်သင့် ပညာရေးဝန်ထမ်း မိသားစုများနေထိုင်ရာ အ.ထ.က(၉)နှင့် Naypyitaw State Academy တို့သို့ သွားရောက်၍ ပညာရေးဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။