ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ မန္တလေးငလျင်ကြီးဒဏ်သင့် ပညာရေးဝန်ထမ်း နှင့် ဝန်ထမ်းမိသားစုများ နေထိုင်ရန် အဆောက်အအုံများ ဆောက်လုပ်မည့် မြေနေရာနှင့် ကျောင်းအဆောက်အအုံများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော် ၂၀၂၅ ဧပြီ ၂၁

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ  ယနေ့ နံနက်ပိုင်းတွင် မန္တလေးငလျင်ကြီး ဘေးဒဏ်သင့် ပညာရေးဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ နေထိုင်ရန် နှစ်ခန်းတွဲ Basha အဆောက်အအုံများ ဆောက်လုပ်မည့် မြေနေရာသို့သွားရောက်၍  မြေညှိရှင်းလင်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

 

ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက လုံလောက်သောလမ်းအကျယ်ဖောက်လုပ် ရေး၊ နေအိမ်များခိုင်ခံ့မှုရှိစေရေး၊ မိုးဒဏ်လေဒဏ်ခံနိုင်ရေး၊ ကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းရေး၊ မိုးလေမကျမီ အမြန်ဆုံးဆောက်လုပ်၍ မေလအတွင်း အမြန်ပြီးစီးရေး၊ ဝန်ထမ်းများ ပြောင်းရွေ့နေထိုင်သည့်အခါ လျှပ်စစ်မီးရရှိရေး၊ သောက်ရေသုံးရေများရရှိရေး ဆောင်ရွက်ကြရန် တာဝန်ရှိသူများကိုမှာကြား၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ဒက္ခိဏသီရိမြို့နယ် အမှတ်(၁၈) အခြေခံပညာ အထက်တန်းကျောင်းသို့သွားရောက်၍ ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးကာ ပျက်စီးမှုများကို ကျောင်းဖွင့်အမီ ပြီးစီးအောင်ပြင်ဆင်ရေး စီစဉ် ဆောင်ရွက်ပေးပြီး ဆရာဆရာမများအနေဖြင့် မိုးကြိုကာလတွင် ဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသ ဖြစ်စဉ်များနှင့်ပတ်သက်၍ အထူးဂရုပြုနေထိုင်ကြရန်နှင့် သင်္ကြန်ရုံးပိတ်ရက်ကာလပြီးစီး၍  ရုံးများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ရုံးလုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်အောင် ဆောက်ရွက်ကြရမည် ဖြစ်ကြောင်းမှာကြားကာ သက်ဆိုင်ရာတာဝန်ရှိသူများအား အဆင့်အလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြား၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။