နေပြည်တော် ၂၀၂၅ ဧပြီ ၉
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ဧပြီ ၈ ရက်တွင် ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်၊ အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာပြည်စိုးသိမ်း၊ တာဝန်ရှိသူများနှင့်အတူ မိတ္ထီလာပညာရေး ဒီဂရီကောလိပ်သို့ရောက်ရှိခဲ့ပြီး ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော ကျောင်းဆောင်များအခြေအနေ ကို ကြည့်ရှုစစ်ဆေးကာ ဇွန်လကျောင်းဖွင့်ချိန်တွင် သင်ကြားအသုံးပြုနိုင်မည့် စာသင်ခန်းများကို ကြည့်ရှုသည်။
ယင်းနောက် ဆရာ ဆရာမ၊ ဝန်ထမ်းများအား စားသောက်ကုန်များကို ပေးအပ်ကာ ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်းတက်ရောက်နေသော သင်တန်းသား ဆရာ ဆရာမများအား စာသင်ခန်းများတွင် တွေ့ဆုံအားပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် မိတ္ထီလာတက္ကသိုလ်၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ်၊ ကျောက်ဆည်တက္ကသိုလ်နှင့် မန္တလာတက္ကသိုလ်တို့သို့ သွားရောက်ပြီး ငလျင်ဒဏ်ကြောင့် ပျက်စီးထိခိုက်မှုများကို ကြည့်ရှုစစ်ဆေးကာ ဇွန်လတွင် တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်မည် ဖြစ်သဖြင့် အပျက်အစီးများကို ရှင်းလင်းဖယ်ရှားရေး၊ ပြန်လည်ပြုပြင်နိုင်သည်များကို ကျောင်းဖွင့်ချိန်မတိုင်မီ စနစ်တကျပြန်လည်ပြုပြင်ရေး၊ ငလျင်ဒဏ်သင့်ခဲ့သော ကျောင်းများကို အင်ဂျင်နီယာများနှင့် စနစ်တကျစစ်ဆေး၍ မှတ်ချက်ရယူရေး၊ ငလျင်ဒဏ်ထိခိုက်ခဲ့သော ဝန်ထမ်းမိသားစုများ နေထိုင်စားသောက်မှုအဆင်ပြေရေးကိစ္စရပ်များကို ဆွေးနွေးပေါင်းစပ် ဖြည့်ဆည်းပေးခဲ့ပြီး ဝန်ထမ်းများအား ဆန်အိတ်များကိုပေးအပ်ကာ အားပေးစကားပြောကြား ခဲ့သည်။
ဒုတိယဝန်ကြီးသည် မိတ္ထီလာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိ ရာတွင် ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာ သင်တန်းသားဆရာဆရာမများကို တွေ့ဆုံ အားပေးသည်။ ထို့ပြင် ဒုတိယဝန်ကြီးသည် စဉ့်ကိုင်မြို့နယ် ဘယ်လင်းအခြေခံပညာ အထက် တန်းကျောင်းတွင် မျက်နှာကြက်များနှင့် နံရံများပြိုကျပျက်စီးမှု၊ မြေကျွံကျမှုများကို ကြည့်ရှု စစ်ဆေးပြီး သင်ကြားမှုအရှိန်အဟုန်မပြတ်စေရေးအတွက် ဆောင်ရွက်ပေးနိုင်မည့် အစီအမံများကို ညှိနှိုင်းပေါင်းစပ်ကာ ဆရာဆရာမများအား အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
