ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ(Grade-12) တတိယနေ့ သင်္ချာဘာသာရပ် အေးချမ်းစွာဖြေဆိုနေမှု ကြည့်ရှုအားပေး

 

နေပြည်တော် ၂၀၂၅ မတ် ၁၉

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ တာဝန်ရှိသူများနှင့်အတူ   ယနေ့နံနက်ပိုင်းတွင်  နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၄)အခြေခံပညာအထက်တန်းကျောင်းနှင့် ဇေယျာသီရိမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းများရှိ စာစစ်ဌာနများသို့ သွားရောက်၍ ၂၀၂၄-၂၀၂၅ ပညာ သင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများ အား ရင်းရင်းနှီးနှီးတွေ့ဆုံသည်။

 

 

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ကျောင်းသားကျောင်းသူများအနေဖြင့် ပညာသင်နှစ်တစ်နှစ်တာ ကာလအတွင်း လေ့လာသင်ယူကျက်မှတ်ခဲ့သည်များကို မိမိတို့ရည်မှန်း ထားသည့်အတိုင်း အကောင်းဆုံးကြိုးစားဖြေဆိုကြရန် အားပေးစကားပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနေမှုကို လိုက်လံကြည့်ရှုအားပေး၍ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ကျန်းမာရေး ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ ကျေးဇူးတင်စကားပြောကြားပြီး ကျောင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဇမ္ဗူသီရိမြို့နယ် အမှတ်(၂၂)အခြေခံပညာ အထက်တန်းကျောင်းရှိ စာစစ်ဌာနသို့သွားရောက်ပြီး ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနေမှုများကို လိုက်လံကြည့်ရှုအားပေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။