နေပြည်တော် ၂၀၂၅ ဖေဖော်ဝါရီ ၂၈
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တက္ကသိုလ် ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးများနှင့် တွေ့ဆုံပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပညာရေးမှူးများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးနှင့် စာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် အလေးထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိနယ်မြေဒေသတွင် အခက်အခဲရှိ၍ လက်ရှိရောက်ရှိနေထိုင်ရာ ဒေသရှိ စာစစ်ဌာနတွင် ဖြေဆိုလိုသူ ကျောင်းသားများရှိပါက တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရက် မတိုင်ခင် တစ်ရက်ညနေပိုင်းအထိ စာရင်းပေးသွင်း၍ ဖြေဆိုခွင့်ပြု ထားကြောင်း၊ စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူများ အဆင်ပြေ စိတ်အေး ချမ်းသာစွာ ဖြေဆိုခွင့်ရရှိရေးအတွက် အခြေခံပညာရုံးရာထူးအဆင့်ဆင့် တာဝန်ရှိသူများက အစွမ်းကုန်ကူညီ ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ ပညာရှင် ပညာတတ်များ မွေးထုတ်ပေးရာ ပညာရပ်ဝန်းကျင်တွင်မိမိတို့၏ကိုယ်နှုတ်ပြုမူချက်များ ထိန်းသိမ်းကြရန်လိုကြောင်း၊ အမျိုးသားရေးစရိုက်လက္ခဏာများ ထိန်းသိမ်းရေးနှင့် ဗလငါးတန်နှင့်ပြည့်စုံသော ပညာတတ်လူတော်များ မွေးထုတ်ပေးနိုင်ရေးအတွက် ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က တက္ကသိုလ်အလိုက် သုတေသနစာတမ်း ခေါင်းစဉ်များကို နှစ်အလိုက် Database များ စာရင်းသွင်းပြုစုတည်ဆောက်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က စာရင်းဇယားအချက်အလက်များ ပေးပို့ ဆောင်ရွက်ရာတွင် ခိုင်မာမှု၊ တိကျမှု၊ စနစ်ကျမှုများရှိစေရေး အလေးထားဆောင်ရွက်ရန် ဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်း၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်တို့က အဆင့်မြင့်ပညာရေး ကဏ္ဍဆိုင်ရာနှင့် အခြေခံပညာရေးဆိုင်ရာကဏ္ဍများအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
