ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေ ငလျင်ဘေးဒဏ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ၂၀၂၅ ဧပြီ ၃

 

ပညာရေးဝန်ကြီးဌာန၏ ငလျင်ဘေးဒဏ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃)ရှိ အစည်းအဝေး ခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် ပြင်းထန်သည့်ငလျင်ဒဏ်ကြောင့် ပညာရေးဝန်ကြီးဌာနရှိ သက်ဆိုင်ရာဦးစီးဌာန အလိုက် ပျက်စီးဆုံးရှုံးခဲ့သည့် နောက်ဆုံးအခြေအနေများကို သတ်မှတ်ထားသည့် စာရင်းဇယား ပုံစံဖြင့် စနစ်တကျကောက်ယူကြရမည်ဖြစ်ကြောင်း၊ ငလျင်ဘေးဒဏ်သင့် ဝန်ထမ်းများနှင့် မိသားစုနေထိုင်သည့် အခန်းအလိုက်၊ တိုက်အလိုက်၊ တက္ကသိုလ်နှင့်  ကျောင်းများအလိုက် စနစ်တကျပြုစုကြရမည်ဖြစ်ကြောင်း၊ ငလျင်ဘေးဒဏ်သင့် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ ယာယီနေထိုင်ရာနေရာများတွင် တစ်ကိုယ်ရေသန့်ရှင်းရေး၊ ကူးစက်ရောဂါမဖြစ်ပွားစေရေး၊ ရေမီး အဆင်ပြေစေရေးနှင့် စားဝတ်နေရေးအဆင်ပြေစေရေးတို့အတွက်  သက်ဆိုင်ရာဦးစီးဌာနအလိုက် ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက စနစ်တကျ ကြီးကြပ်ဆောင်ရွက်ပေးကြရမည် ဖြစ်ကြောင်း မှာကြားသည်။

 

ထို့နောက် အစည်းအဝေးတက်ရောက်လာသူများက ငလျင်ဘေးဒဏ်ဆိုင်ရာ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။