နေပြည်တော် ၂၀၂၅ မတ် ၁၇
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းနှင့် ဥတ္တရသီရိမြို့နယ် အမှတ်(၁၂) အခြေခံပညာ အထက်တန်းကျောင်းများရှိ စာစစ်ဌာနများသို့ သွားရောက်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ကို ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
ထိုသို့လှည့်လည်ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက စာမေးပွဲအခန်း တာဝန်ကျသည့် ကြီးကြပ်ရေးမှူးများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြသည့် ကျောင်းသား ကျောင်းသူများ စနစ်တကျ၊ စည်းကမ်းရှိစွာဖြင့် စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ စာမေးပွဲဖြေဆိုသည့် ကျောင်းသား ကျောင်းသူများနှင့် စာမေးပွဲလုပ်ငန်း အနှောင့်အယှက် မဖြစ်စေရေးအတွက် အထူးဂရုစိုက် ဆောင်ရွက်ကြရမည်ဖြစ်ပါ ကြောင်း၊ ကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူးများအနေဖြင့် မိမိတို့လိုက်နာ ဆောင်ရွက်ကြရမည့် တာဝန်ဝတ္တရားများကို ကျေပွန်စွာဆောင်ရွက်၍ တက္ကသိုလ်ဝင်စာမေးပွဲကို စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေး ဝိုင်းဝန်းကူညီပါဝင် ဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်း မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပုဗ္ဗသီရိမြို့နယ် အမှတ်(၁၃)အခြေခံပညာ အထက်တန်းကျောင်းရှိ စာစစ်ဌာနသို့သွားရောက်၍ ကျောင်းသား ကျောင်းသူများအေးချမ်းစွာ ဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှု အားပေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
အလားတူ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ် ပညာရေးမှူးများနှင့် တာဝန်ရှိသူများသည် ယနေ့တွင် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ သက်ဆိုင်ရာ စာစစ်ဌာနများသို့ သွားရောက်ကြပြီး တက္ကသိုလ်ဝင်စာမေးပွဲ၌ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းမြေ့စွာ ဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှု အားပေးကြကြောင်း သိရသည်။
