နေပြည်တော် ၂၀၂၅ ဖေဖော်ဝါရီ ၂၀
အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ကော်မတီ (NAQAC) စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ပညာရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပညာရေးနှင့် ဆက်စပ်ဝန်ကြီးဌာနကိုးခုမှ ကော်မတီဝင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက NAQAC သည် မြန်မာနိုင်ငံရှိ တက္ကသိုလ်များနှင့် ဘာသာရပ်သင်တန်းများ၏ သင်ကြားသင်ယူမှု အရည်အသွေး၊ ပညာတတ်များမွေးထုတ်ရေး၊ ဘွဲ့ရပညာတတ် အရည်အသွေးနှင့် သုတေသနစွမ်းဆောင်ရည် မြင့်မားရေးအတွက် အရည်အသွေး အာမခံမှုကို ကွပ်ကဲထိန်းကျောင်းပေးရသည့် အဖွဲ့အစည်းဖြစ်သဖြင့် အမြဲရှင်သန်ထက်မြတ်နေရန် လိုအပ်ပါကြောင်း၊ အာဆီယံတက္ကသိုလ်များကွန်ရက် အရည်အသွေးအာမခံမှုစနစ် (AUN-QA) အကဲဖြတ်မှု လမ်းညွှန်စာအုပ်ကို ပြုစုဖြန့်ဝေနိုင်ခဲ့ပြီး ဆက်လက်၍ NAQAC ၏ အမျိုးသားပညာရေး အဆင့်အတန်းအကဲဖြတ်မှုလုပ်ငန်းစဉ် (NAQAC Accreditation Process) ဆိုင်ရာ မူဝါဒများ သတ်မှတ်အတည်ပြုကာ NAQAC ၏ စစ်ဆေးအကဲဖြတ်မှုလက်စွဲ (NAQAC Assessment Manual) ကို ပြုစု၍ သင်တန်းပေး လေ့ကျင့်နိုင်ရေး ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားပညာရေး အဆင့်အတန်းနှင့် အရည်အသွေးအာမခံမှုအကဲဖြတ် ကော်မတီအတွင်းရေးမှူး ဒေါက်တာကြည်ရွှင်က NAQAC က ဆောင်ရွက်ပြီးစီးသော လုပ်ငန်းများကို တင်ပြရှင်းလင်းပြီး တက်ရောက်လာကြသူများက ASEAN Qualifications Reference Framework Committee နှင့် ဆက်စပ်လုပ်ငန်းများ၊ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
