နေပြည်တော် ၂၀၂၅ မတ် ၄
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ် အမှတ်(၂)၊ အမှတ် (၈)၊ အမှတ်(၁၁)နှင့် အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့် ပဥ္စမတန်း(Grade-5)နှင့် အခြေခံပညာအလယ်တန်းဆင့် နဝမတန်း (Grade-9) နှစ်ဆုံးစာမေးပွဲ ဒုတိယနေ့တွင် ကျောင်းသား ကျောင်းသူများ အင်္ဂလိပ်စာဘာသာ ဖြေဆိုနေမှုများကို သွားရောက်ကြည့်ရှုအားပေးသည်။
ကြည့်ရှုအားပေးစဉ် ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာစာဖြေဌာန ကြီးကြပ်ရေးမှူးများ နှင့်တာဝန်ရှိသူများကိုတွေ့ဆုံ၍ ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေးနှင့် စာမေးပွဲကို စာမေးပွဲလုပ်ထုံးလုပ်နည်းများနှင့်အညီစနစ်တကျ ကျင်းပနိုင်ရေး မှာကြားပြီး ကျောင်းအတွင်းလှည့်လည် ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးမြို့နယ် အခြေခံပညာအထက်တန်း ကျောင်း(အောင်သပြေ)၊ အခြေခံပညာအလယ်တန်းကျောင်း(ကုန်းပေါ်)၊ အခြေခံပညာ အလယ်တန်းကျောင်း(စဥ့်ဟယ်-၂)၊ အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်း (ရွှေညောင်)၊ တာယော အခြေခံပညာမူလတန်းကျောင်း(ရွှေညောင်)၊ ကလောမြို့နယ် အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း(အောင်ပန်း)နှင့် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း(အောင်ပန်း) နှင့် အခြေခံပညာအလယ်တန်းကျောင်း(ဝါးရုံပင်)သို့သွားရောက်၍ ကျောင်းအတွင်းရှိ တည်ဆောက် ရေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးဆောင်ရွက်ထားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဆရာဆရာမများ၏ တင်ပြချက်အပေါ်ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
