နေပြည်တော် ၂၀၂၅ မေ ၄
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေရှိ အခြေခံပညာကျောင်းများသို့ သွားရောက်၍ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲပြန်လည်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများကို သင်ကြားပို့ချပေးမည့် အထက်တန်းပြ ဆရာ ဆရာမများအား တက္ကသိုလ်ပါမောက္ခ၊ ဆရာ ဆရာမများက ဘာသာရပ် ဆိုင်ရာ(TOT)သင်တန်း သင်ကြားပို့ချပေးနေမှုများကို လိုက်လံကြည့်ရှုအားပေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဇမ္ဗူသီရိမြို့နယ် အမှတ်(၅)အခြေခံပညာအထက်တန်း ကျောင်းသို့သွားရောက်၍ တက္ကသိုလ်ပါမောက္ခ၊ ဆရာ ဆရာမများက ဘာသာရပ်အလိုက် သင်ကြား ပို့ချပေးနေမှုများကို ကြည့်ရှုအားပေးပြီး တက္ကသိုလ်ဝင်တန်း Grade-12 သည် အခြေခံပညာ အဆင့်တွင် နောက်ဆုံးအဆင့်ဖြစ်ပြီး ကျောင်းသား ကျောင်းသူများ၏ ဘဝရည်မှန်းချက်အတွက် အဆုံးအဖြတ်ပေးနိုင်သောအဆင့်ဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည် စစ်ဆေးရခြင်း ရည်ရွယ်ချက်သည် တရားမျှတမှုရှိစေရေး၊ ဂုဏ်သိက္ခာရှိစေရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရေးအတွက်ဖြစ်ပါကြောင်း၊ ရည်မှန်းချက်ကိုယ်စီဖြင့် ကြိုးစားအားထုတ် လာကြသော ကျောင်းသား ကျောင်းသူများကို ၎င်းတို့၏ ကြိုးစားအားထုတ်မှုနှင့် ဂုဏ်သိက္ခာအတွက် ထိုက်တန် သည့် အကဲဖြတ်မှုတစ်ခုရှိရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည် ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာနက လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးနေပါကြောင်း၊ အလားတူ စာမေးပွဲပြန်လည်ဖြေဆိုကြရမည့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ် အစိုးရအဖွဲ့ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အဖွဲ့အစည်းများအားလုံးက ဝိုင်းဝန်းကူညီဖြည့်ဆည်း ဆောင်ရွက် ပေးနေပါကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် တရားမျှတမှုရှိစေရန်အတွက် အခွင့်အရေးကိုလက်လွတ်မခံဘဲ ကြိုးစား၍ပြန်လည် ဖြေဆိုကြစေ လိုပါကြောင်း ပြောကြားသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၄)အခြေခံပညာ အထက်တန်းကျောင်းသို့သွားရောက်၍ သင်ကြားသင်ယူနေမှုများကို ကြည့်ရှုအားပေးကာ တက္ကသိုလ်ပါမောက္ခ၊ ဆရာ ဆရာမများ၊ အခြေခံပညာကျောင်းများနှင့် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများမှ အထက်တန်းပြဆရာ ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကား ပြောကြား၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
အဆိုပါသင်တန်းကို Naypyitaw State Academy ၊ ပုသိမ်တက္ကသိုလ်၊ တောင်ငူတက္ကသိုလ်၊ စစ်တွေတက္ကသိုလ်၊ ပဲခူးတက္ကသိုလ်နှင့် ရန်ကုန်စီးပွားရေးတက္ကသိုလ်တို့မှ ပါမောက္ခ၊ ဆရာ ဆရာမ များက နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အထက(၅)၊ အထက(၁၄)တို့တွင် အခြေခံပညာကျောင်း များနှင့် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများမှ အထက်တန်းပြ ဆရာ ဆရာမများကို ဘာသာရပ် ဆိုင်ရာ(TOT)သင်တန်းကို မေ ၂ ရက်မှ ၄ ရက်အထိ သင်ကြားပို့ချပေးလျက်ရှိသည်။ အဆိုပါ သင်တန်းအပြီးတွင် သင်ကြား၊ သင်ယူခဲ့ကြသည့် ပါမောက္ခ၊ ဆရာ ဆရာမများနှင့် အထက်တန်းပြ ဆရာ ဆရာမများက နေပြည်တော် ရှစ်မြို့နယ်ရှိ သတ်မှတ်ထားသည့် အခြေခံပညာ အထက်တန်း ကျောင်းများသို့သွားရောက်ကာ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများအား ဘာသာရပ်ဆိုင်ရာ အနီးကပ်သင်တန်းများကို ကိုယ်တိုင် သင်ကြားပို့ချပေးသွား မည်ဖြစ်ကြောင်း သိရသည်။
