နေပြည်တော် ၂၀၂၅ မေ ၅
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေရှိ အခြေခံပညာကျောင်းများသို့ သွားရောက်၍ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြင့် ဘာသာရပ်ဆိုင်ရာ အနီးကပ် သင်ယူနေမှုများကို လိုက်လံကြည့်ရှုအားပေး၍ လိုအပ်သည်များကို မှာကြားသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ပုဗ္ဗသီရိမြို့နယ် အမှတ်(၂၀)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းသို့သွားရောက်၍ တက္ကသိုလ်ပါမောက္ခ၊ ဆရာ ဆရာမ များနှင့် အခြေခံပညာဆရာ ဆရာမများက ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲပြန်လည် ဖြေဆိုကြ မည့် ကျောင်းသား ကျောင်းသူများအား ဘာသာရပ်အလိုက် သင်ကြားပို့ချပေးနေမှုများကို လိုက်လံ ကြည့်ရှုအားပေးပြီး သင်တန်းတွင် ပါမောက္ခ၊ ဆရာ ဆရာမများနှင့် အခြေခံပညာဆရာ ဆရာမ များ၏ အမှတ်ပေးစည်းမျဉ်းနှင့်အညီ စနစ်တကျသင်ကြားပေးနေသည်ဖြစ်၍ မိမိတို့ကလည်း စနစ်တကျအလေးထားမှတ်သား၍ သင်ယူကြစေလိုပါကြောင်း၊ သဘာဝဘေးဒဏ်ကြောင့် ဖြစ်ပေါ် လာသည့် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုရသည့် အခြေအနေကို အခက်အခဲဟု မတွေးဘဲ ကြိုးစားသင်ယူကြစေလိုပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများ မကျန်ရှိရလေအောင် အားလုံးဝိုင်းဝန်းကြိုးစား ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကျောင်းအတွင်းလှည့်လည် ကြည့်ရှုစစ်ဆေး၍ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ ရေ၊ မီးရရှိရေး၊ ကျန်းမာရေးနှင့်ညီညွတ်သော သန့်စင်ခန်းများ ဖြစ်စေရေး မှာကြားသည်။
ထို့နောက် သင်ကြားပေးကြသည့် တက္ကသိုလ်ပါမောက္ခ၊ ဆရာ ဆရာမများ၊ အခြေခံပညာ ဆရာ ဆရာမများနှင့် သင်တန်းအောင်မြင်ရေးအတွက် ဝိုင်းဝန်းပံ့ပိုးကူညီကြသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
အလားတူ ယနေ့နံနက်ပိုင်းတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်တို့သည် ဇေယျာသီရိမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းနှင့် ပုဗ္ဗသီရိမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ တက္ကသိုလ်ဝင် စာမေးပွဲပြန်လည်ဖြေဆိုရန် ဘာသာရပ်ဆိုင်ရာအနီးကပ်သင်တန်းသို့ တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြားခဲ့ကြကြောင်း သိရ သည်။
