ပညာရေးဝန်ကြီးဌာန၌ တတိယအကြိမ်မြောက် ထမနဲထိုးပြိုင်ပွဲကျင်းပ

 

နေပြည်တော် ၂၀၂၅ ဖေဖော်ဝါရီ ၇

 

မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာ ထိန်းသိမ်းစောင့်ရှောက်တတ်စေရေး၊ ဝန်ထမ်း အချင်းချင်းစည်းလုံးညီညွတ်စွာဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်တတ်စေရေးနှင့် တစ်ဦးနှင့်တစ်ဦးဖေးမ ကူညီတတ်စေ‌ရေးဟူသော ရည်ရွယ်ချက်များဖြင့် ပညာရေးဝန်ကြီးဌာန၏ တတိယအကြိမ်မြောက် ထမနဲထိုးပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃)ရှိ ယာဉ်ရပ်နားကွင်း၌ ကျင်းပသည်။

 

ဦးစွာ မန်လည်ဆရာတော်ဘုရားကြီး၏ ထမနဲထိုးကဗျာဖြင့် အခမ်းအနားကိုစတင်ဖွင့်လှစ်ပြီး ပြိုင်ပွဲနှင့်ပတ်သက်သော စည်းမျဉ်းစည်းကမ်းများနှင့် အမှတ်ပေးပုံစံများကို ရှင်းလင်းဖတ်ကြား ကာ ဒိုင်လူကြီးများက ပြိုင်ပွဲဝင်အသင်းများကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ ထမနဲထိုးပြိုင်ပွဲကို စတင်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးရုံး၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနရှစ်ခုနှင့် Naypyitaw State Academy တို့မှ စုစုပေါင်းအသင်း ၁၀ သင်းတို့က မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာအတိုင်း တပျော်တပါး အားမာန်အပြည့်ဖြင့် ထမနဲထိုးယှဉ်ပြိုင်ကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များက ထမနဲထိုးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု နှင့် နှစ်သိမ့်ဆုရရှိခဲ့ကြသည့် အသင်းများကို ဂုဏ်ပြုဆုများပေးအပ်ကြသည်။

 

အဆိုပါပြိုင်ပွဲသို့ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ Naypyitaw State Academy မှ ဒုတိယပါမောက္ခချုပ်၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် သက်ဆိုင်ရာ ဦးစီးဌာနများအလိုက် အရာထမ်း၊ အမှုထမ်းများနှင့် ဝန်ထမ်းမိသားစုများ တက်ရောက်ကြပြီး ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။