နေပြည်တော် ၂၀၂၅ ဇန်နဝါရီ ၁၅
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မြောင်းမြမြို့ မြောင်းမြပညာရေးဒီဂရီကောလိပ်သို့ရောက်ရှိပြီး ဆရာ ဆရာမ များ၏ သင်ပြနည်းစနစ်များ၊ ကျောင်းသား ကျောင်းသူများ၏ တန်းပြလေ့ကျင့်နေမှုများကို ကြည့်ရှု အားပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြောင်းမြပညာရေးဒီဂရီကောလိပ် နယ်မြေအတွင်း စာသင်ဆောင်များ၊ အိပ်ဆောင်များ တည်ရှိဖွဲ့စည်းပုံကို မြေပြင်ကွင်းဆင်းလေ့လာကာ ကျောင်းပရိဝုဏ်ဥပဓိရုပ် စနစ်ကျတင့်တယ်စေရေး ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ဆရာ ဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး သင်ပြနည်းစနစ်များ၊ စာသင်ခန်းစီမံခန့်ခွဲမှုစနစ်များကို ဆွေးနွေးမှာကြားကာ စားရိပ်သာ၌ ကျောင်းသား ကျောင်းသူများ နေ့လယ်စာသုံးဆောင်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်မြို့ ပုသိမ်ပညာရေးဒီဂရီကောလိပ်သို့ ရောက်ရှိပြီး ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ယူနေမှုကို ကြည့်ရှုအားပေးသည်။ ထို့နောက် ပညာရေးဒီဂရီကောလိပ်အတွင်း စာသင်ဆောင်၊ အိပ်ဆောင်များ၊ ခန်းမနှင့် လေ့ကျင့်ရေး အလယ်တန်းကျောင်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ပုသိမ်တက္ကသိုလ်သို့ရောက်ရှိပြီး ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ ဌာနမှူးများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးကာလိုအပ်သည်များကို မေးမြန်းဖြည့်ဆည်းပေးပြီး တက္ကသိုလ်သာယာလှပရေးအတွက် မှာကြားခဲ့ကြောင်းသိရသည်။
