နေပြည်တော် ၂၀၂၄ ဒီဇင်ဘာ ၇
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်နှင့်အတူ ယမန်နေ့ နံနက်ပိုင်းက တောင်ကြီးပညာရေးဒီဂရီကောလိပ်သို့ ရောက်ရှိကာ ကျောင်းသား ကျောင်းသူများ ကိုယ်ကာယကြံ့ခိုင်ရေး လေ့ကျင့်ခန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုသည်။
ထိုသို့ကြည့်ရှုစဉ် မိမိတို့ကိုယ်တိုင် ကျန်းမာကြံ့ခိုင်ရုံသာမက ဆရာ ဆရာမများဖြစ်လာကြ သောအခါ တပည့်ကျောင်းသား ကျောင်းသူများကို အားကစားနှင့် ကာယပညာများ ပြန်လည် သင်ကြားပေးနိုင်ရန်အတွက် ယခုအချိန်ကတည်းက ကြိုးစားလေ့ကျင့် သင်ယူထားကြရန် မှာကြားပြီး ပညာရေးဝန်ကြီးဌာနက ဝယ်ယူဖြည့်တင်းပေးထားသော အားကစားပစ္စည်းများကို ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများအား လွှဲပြောင်းပေးအပ်ကြကာ ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရေဘေးကြုံတွေ့ခဲ့ရသည့် ကျောင်းများ ဖြစ်ကြသည့် ရွှေညောင်မြို့နယ် အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)နှင့် ကလော မြို့နယ် မကွေကျေးရွာ အခြေခံပညာမူလတန်းကျောင်းများသို့ ရောက်ရှိပြီး ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံအားပေးစကားပြောကြားကာ ရေဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများ ပြန်လည်ပြင်ဆင်ပြီးစီးမှုအခြေအနေကို ကြည့်ရှုသည်။
ထို့နောက် ကလောမြို့နယ် နန်းပန်တက် အခြေခံပညာအလယ်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ယူနေမှုကို ကြည့်ရှုအားပေးကာ အခြေခံ ပညာအလယ်တန်းပြီးမြောက် အောင်မြင်သူများအနေဖြင့် အထက်တန်းပညာကို ဆက်လက်သင်ယူနိုင်သကဲ့သို့ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အခြေခံပညာအထက်တန်းကျောင်းများသို့ ဆက်လက်သင်ယူခွင့်ရရှိနိုင်သည့် အခွင့်အလမ်းများကို ရပ်ရွာပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိရေးအတွက် စည်းရုံးအသိပေးကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။
