ပညာရေးဆိုင်ရာ အသုံးချသုတေသန နိုင်ငံတကာညီလာခံ(၂၀၂၅) ဦးစီးကော်မတီ ညှိနှိုင်းအစည်းအဝေး ကျင်းပ

 

နေပြည်တော် ၂၀၂၄ ဒီဇင်ဘာ ၃

 

နိုင်ငံတကာ ပညာရေးဆိုင်ရာ အသုံးချသုတေသနညီလာခံ (၂၀၂၅) ဦးစီးကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ပါမောက္ခချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခများ၊ ညွှန်ကြားရေးမှူးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ဦးစွာ ဒုတိယဝန်ကြီးက  ပညာရေးဆိုင်ရာ အသုံးချသုတေသန နိုင်ငံတကာညီလာခံ (၂၀၂၅) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်တွင်း၊ ပြည်ပ တက္ကသိုလ်များမှ အရည်အသွေးရှိသည့် စာတမ်းများ လက်ခံ၊ စိစစ်အတည်ပြုခြင်း ကိစ္စရပ်များ၊ သုတေသနပြခန်း ပြသခြင်းကိစ္စရပ်များ၊ ဖိတ်ကြားရေး၊ ကြိုဆိုနေရာချထားရေးနှင့် သယ်ယူပို့ဆောင်ရေး ကိစ္စရပ်များ၊ အခမ်းအနားပြင်ဆင်ရေး၊ ဖျော်ဖြေရေး၊ သတင်းပြန်ကြားရေး၊ နိုင်ငံတကာ ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များကို ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများ ဖွဲ့စည်း၍ ကဏ္ဍ‌အလိုက် ဆောင်ရွက်မည့်ကိစ္စရပ်များ ‌အောင်မြင်ရေးအတွက် ညီညီညွတ်ညွတ် ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုနှင့် ပတ်သက်၍ လိုအပ်သည်များကို တက်ရောက်လာသူများအားလုံး ပါဝင်ဆွေးနွေးကြစေလိုပါကြောင်းဖြင့် ပြောကြားသည်။

 

ထို့နောက် ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါက်တာစိုးမိုးလွင်က လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြကာ တက်ရောက်လာသည့် ဆရာကြီး၊ ဆရာမကြီးများက နိုင်ငံတကာ ပညာရေးဆိုင်ရာ အသုံးချသုတေသန ညီလာခံ (၂၀၂၅)ကျင်းပရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။