နေပြည်တော် ၂၀၂၄ နိုဝင်ဘာ ၁၂
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တက္ကသိုလ် ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများ၊ ပါမောက္ခ (ဌာနမှူး)များနှင့် နိုဝင်ဘာ ၂၁ ရက်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ ပညာသင်နှစ် အသစ်စတင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ကြရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး သက်ဆိုင်ရာတက္ကသိုလ် ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများ၊ ပါမောက္ခ (ဌာနမှူး)များနှင့် တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်၊ ဒီဂရီကောလိပ်ကျောင်းများ၏ ပညာသင်နှစ်အတွက် နိုဝင်ဘာ ၁၄ ရက်တွင် ကျောင်းအပ်စတင်လက်ခံ ပေးသွားမည်ဖြစ်ပါကြောင်း၊ ကျောင်းသားသစ်၊ ကျောင်းသားဟောင်းများ ကျောင်းအပ်ရာတွင် အခက်အခဲမရှိအောင် အားလုံးကဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်း၊ ကျောင်းအပ်လက်ခံရာတွင် ပိတ်ရက်မရှိ လက်ခံပေးသွားမည်ဖြစ်ပြီး နိုဝင်ဘာ ၂၁ ရက်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ် ကျောင်းများ စတင်ဖွင့်လှစ် သွားမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်ကျောင်း၏ ပညာသင်နှစ်အသစ် စတင်တော့မည်ဖြစ်၍ စာသင်ဆောင်များ၊ ကျောင်းသား ကျောင်းသူ အိပ်ဆောင်များ၏ ဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာလှပရေးကို အလေးထားဆောင်ရွက် ထားကြရမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်များတွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ရွေးကောက်ပွဲနှင့် ပတ်သက်သော ဥပဒေဘာသာရပ်များကို တစ်လလျှင် အနည်းဆုံးနှစ်ကြိမ် သင်ကြားပေး ကြရမည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့တာဝန်ကျရာ နေရာများတွင် စေတနာအပြည့်ဖြင့် ကြိုးစားဆောင်ရွက် ကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က တက္ကသိုလ်များ၏ ပညာသင်နှစ်မတိုင်မီနှင့် ပညာသင်နှစ်အစတွင် ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ သင်ရိုးညွှန်းတမ်း အရည်အသွေးနှင့် သင်ကြားရေးဆိုင်ရာ အရည်အသွေးတိုးတက်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားပြီး ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက ပုဂ္ဂလိကကျောင်းများ အရည်သွေးတိုးတက် ကောင်းမွန်ရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်း၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်တို့က ဦးစီးဌာနလုပ်ငန်းဆိုင်ရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။
