နေပြည်တော် ၂၀၂၄ အောက်တိုဘာ ၇
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်နှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်တက္ကသိုလ်၌ ၂၀၂၄ ခုနှစ် အဝေးသင်တက္ကသိုလ် ပထမအသုတ် သိပ္ပံသင်တန်းသားများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနေမှုကိုလည်းကောင်း၊ ရတနာပုံတက္ကသိုလ်၌ အဝေးသင်ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုနေမှုကိုလည်းကောင်း သွားရောက်ကြည့်ရှုအားပေးပြီး တက္ကသိုလ် သန့်ရှင်းသာယာရေးနှင့် သက်သာ ချောင်ချိရေး ဆောင်ရွက်ပေးမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများနှင့်တွေ့ဆုံ၍ စာစစ်လုပ်ငန်းများ အမှားအယွင်းမရှိအောင် ကြီးကြပ်ဆောင်ရွက်ရန်၊ အဝေးသင်ဒုတိယအသုတ်နှင့် တတိယအသုတ် အနီးကပ်သင်တန်းများတွင် ကျောင်းသား ကျောင်းသူများ အမှန်တကယ် ပညာတတ်မြောက်အောင် စေတနာထားသင်ကြားပေးရန်၊ နိုဝင်ဘာ ၂၁ ရက်တွင် တက္ကသိုလ်ပုံမှန်တန်းများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်သဖြင့် စာသင်ဆောင်များ၊ အိပ်ဆောင်များသန့်ရှင်းရေး စီမံဆောင်ရွက်ရန်နှင့် ဆရာ ဆရာမ အရည်အသွေးမြင့် မွမ်းမံသင်တန်းများ ဖွင့်လှစ်ရန်မှာကြားပြီး တင်ပြချက်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် မန္တလာတက္ကသိုလ်ရှိ အဝေးသင်ပထမအသုတ် သင်တန်းစာမေးပွဲခန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး မန္တလေးနိုင်ငံခြားဘာသာ တက္ကသိုလ်သို့ရောက်ရှိကာ ဆရာ ဆရာမများနှင့် တွေ့ဆုံ၍ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားပြီး တက္ကသိုလ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
