နေပြည်တော် ၂၀၂၄ အောက်တိုဘာ ၄
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် တောင်ငူပညာရေးဒီဂရီကောလိပ်သို့ ရောက်ရှိပြီး စီမံအုပ်ချုပ်ဆောင်၊ မြတ်ပညာခန်းမ၊ နှစ်ထပ်စာသင်ဆောင်များ၊ နားနေကွင်း၊ ရေစက်နှင့်ရေစင်များ၊ ကျောင်းသား ကျောင်းသူအိပ်ဆောင်များ၊ စားရိပ်သာဆောင်၊ အားကစားကွင်း၊ အားကစားရုံနှင့် ကျောင်းသန့်ရှင်း သာယာမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက ဒီဇင်ဘာလတွင် ကျင်းပမည့် ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်တွင် ပညာရေးဒီဂရီကောလိပ် ကျောင်းသား ကျောင်းသူများ ယှဉ်ပြိုင်အနိုင်ရရှိရေးအတွက် စခန်းသွင်းလေ့ကျင့်နေမှုများကို ပံ့ပိုးအားပေးရေး၊ သောက်သုံးရေမပြတ်အောင် ဆိုလာစနစ်ဖြင့်ရေတင်ရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးအတွက် ပြင်ဆင်ထိန်းသိမ်းမှု ဆောင်ရွက်ရေးကိစ္စရပ်များကို မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် တောင်ငူတက္ကသိုလ်သို့ ရောက်ရှိပြီး အဝေးသင်တက္ကသိုလ် ပထမအသုတ် ကျောင်းသား ကျောင်းသူများ ၂၀၂၄ ပညာသင်နှစ် သိပ္ပံဘာသာတွဲအားလုံး အေးချမ်းစွာ စာမေးပွဲဖြေဆိုနေမှုကို ကြည့်ရှုအားပေးကာ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။
ယင်းနောက် သင်ကြားရေးဆိုင်ရာတာဝန်များ၊ စာမေးပွဲခန်းဆိုင်ရာ တာဝန်များ ခွဲဝေချထားမှု စာရင်းများကို ကြည့်ရှုစစ်ဆေးပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ/ ဌာနမှူးများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ နိုင်ငံအတွက်အကျိုးရှိစေမည့် သုတေသနများ ဆောင်ရွက်ကြရန် မှာကြား၍ တက္ကသိုလ်အတွင်းရှိ ကျောင်းဆောင်များ၊ နားနေဆောင်များနှင့် ကျောင်းဝင်းအတွင်း လှည်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
