ဆရာ ဆရာမများ၊ ဝန်ထမ်းများအနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ မိုးလေဝသ သတင်းများကို အလေးထားပြင်ဆင်ရန်နှင့် သန်းခေါင်စာရင်းလုပ်ငန်းစဉ်များတွင် ပူးပေါင်းကူညီရန်လို

 

နေပြည်တော် ၂၀၂၄ စက်တင်ဘာ ၁၈

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့ နံနက်ပိုင်းတွင် တက္ကသိုလ်ပါမောက္ခချုပ်များ၊  တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးများနှင့် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

 

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများ မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တက္ကသိုလ်ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးများနှင့် ဖိတ်ကြားထားသူများက အွန်လိုင်းဖြင့် တက်ရောက် ကြသည်။

 

 တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ဆရာ ဆရာမများ၊ ဝန်ထမ်းများအနေဖြင့် မိုးလေဝသ သတင်းများနှင့် ရေကြီး၊ မိုးသည်း၊ မုန်တိုင်းစသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းများကို အလေးထား၍ သတိပြုကာ ကြိုတင်ပြင်ဆင်ထားကြရန်လိုပါကြောင်း၊ ယခု တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ မြို့နယ်အချို့တွင် ရေဘေးအန္တရာယ်များနှင့် ကြုံတွေ့ခဲ့ရ ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနတွင် ရေဘေးသင့်ကျောင်း ၁၄၆၉ ကျောင်းနှင့် ဆရာ ဆရာမ ဝန်ထမ်း ၉၅၁၈ ဦး ရေဘေးသင့်ခဲ့ကြပါကြောင်း၊ ရေဘေးသင့် ဆရာ ဆရာမများကို ရေဘေး ကင်းလွတ်သည့်ဒေသများရှိ ပညာရေးဝန်ထမ်းမိသားစုများ၏ ဆန္ဒအလျောက် ကူညီမှုဖြင့် ‌ထောက်ပံ့ကူညီသွားမည်ဖြစ်ပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ရေဘေးကြောင့် ထိခိုက်၊ ပျက်စီး၊ ဆုံးရှုံးမှုဆိုင်ရာစာရင်းများကို မှန်မှန်ကန်ကန်နှင့် စနစ်တကျပြုစုပေးပို့ဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း၊ ရေဘေးကျရောက်သောဒေသများတွင် မိမိတို့ကျောင်းအလိုက် လက်ရှိ အနေအထားမှ တိုးတက်အောင် ဆောင်ရွက်ပြီးစီးမှု မှတ်တမ်းများကို နှစ်ပတ် တစ်ကြိမ် ပေးပို့ ကြရန်ဖြစ်ပါကြောင်း၊ ကျောင်းများအမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အားလုံး ညီညီ ညွတ်ညွတ် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အောက်တိုဘာ ၁ ရက်တွင် နိုင်ငံ တစ်ဝန်း သန်းခေါင်စာရင်းကောက်ယူမည်ဖြစ်ရာ ဆရာ  ဆရာမများ၊ ဝန်ထမ်းများအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်များ၏ လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်းဖြည့်ဆည်းပေးရန် အထူး မှာကြားလိုပါကြောင်း ပြောကြားသည်။

 

 ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က လာမည့် စက်တင်ဘာ ၂၁ ရက်မှ ၂၅ ရက်အတွင်း မိမိတို့နေရာဒေသအလိုက် မိုးလေဝသ အခြေအနေများကို အမြဲမပြတ် လေ့လာ ပြင်ဆင်ထားနိုင်ရေးအတွက် အသိပညာဖြန့်ဝေပေးထားကြရန်၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး ကြီးကြပ်ဆောင်ရွက်ရန် ပြောကြားသည်။ ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက  တောင်ပေါ်၊ မြစ်ချောင်း၊ ဆည်တမံအနီးတွင် နေထိုင်ကြသူများအနေဖြင့် မိုးလေဝသ သတင်းကို အထူးဂရုစိုက် နေထိုင်ကြရန် ပြောကြားသည်။

 

 ဆက်လက်၍ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ‌ဒေါက်တာဝင်းထွန်း၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်တို့က တက္ကသိုလ်များ၊ အခြေခံပညာ ကျောင်းများတွင် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့်စပ်လျဉ်း၍ ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။