၂၀၂၄ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော် ၂၀၂၄ စက်တင်ဘာ ၇

၂၀၂၄ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲစဉ်များကို ယနေ့တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ ဆက်လက် ကျင်းပရာ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနအသင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းနှင့် ပညာရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြသည်။

အကြိုဗိုလ်လုပွဲ ပထမပွဲစဉ်ကို နံနက်ပိုင်းတွင် အဆိုပါလေ့ကျင့်ရေးကွင်း၌ ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းနှင့် ပညာရေးဝန်ကြီးဌာနအသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြပြီး ပညာရေးဝန်ကြီးဌာနအသင်းက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းကို သုံးဂိုး- တစ်ဂိုးဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားသည်။

အဆိုပါ အကြိုဗိုလ်လုပွဲ ပထမပွဲစဉ်ယှဉ်ပြိုင်ကစားနေမှုကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ပြိုင်ပွဲကျင်းပရေး ကော်မတီဝင်များ၊ ပြိုင်ပွဲဝင် အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများ၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူ များ၊ ဆရာ ဆရာမများ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းမိသားစုများနှင့် အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှု အားပေးကြသည်။

ညနေပိုင်းတွင် ၂၀၂၄ ခုနှစ် အကြိုဗိုလ်လုပွဲ ဒုတိယပွဲစဉ်အဖြစ် နယ်စပ်ရေးရာဝန်ကြီးဌာန အသင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အသင်း ကို သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားသည်။

အဆိုပါ အကြိုဗိုလ်လုပွဲ ဒုတိယပွဲစဉ် ယှဉ်ပြိုင်ကစားနေမှုကို နယ်စပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ပြိုင်ပွဲကျင်းပရေး ကော်မတီဝင်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများ၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းမိသားစုများနှင့် အားကစား ဝါသနာရှင်များ လာရောက်ကြည့်ရှု အားပေးကြသည်။

၂၀၂၄ ခုနှစ် ဝန်ကြီးဌာန ပေါင်းစုံတက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို စက်တင်ဘာ ၉ ရက်ညနေပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ကျင်းပမည်ဖြစ်ပြီး ဗိုလ်လု ပွဲစဉ်အဖြစ် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းနှင့် ပညာရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစား ကြမည်ဖြစ်ကြောင်း သိရသည်။