Naypyitaw State Academy သို့ သုံးဖက်မြင်သင်ကြားရေး Smart Boards များ လှူဒါန်း

 

နေပြည်တော် ၂၀၂၄ ဇူလိုင် ၃၁

 

Naypyitaw State Academy သို့ တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (China Foundation for Rural Development- CFRD) က သုံးဖက်မြင်သင်ကြားရေး Smart Boards များ လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် အဆိုပါ Academy ၌ ကျင်းပသည်။

 

လှူဒါန်းပွဲသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ယဉ်ကျေးမှုဆိုင်ရာသံမှူး Mr. Li Qianguo၊ တရုတ်နိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ဘဏ္ဍာရေးအရာရှိချုပ် Ms. Tang Fengmei၊ ဌာနေကိုယ်စားလှယ် Ms. Lin Yuan၊ ပါမောက္ခများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

 

လှူဒါန်းပွဲတွင် ဒုတိယဝန်ကြီးက ယခုကဲ့သို့တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (CFRD) က သုံးဖက်မြင်သင်ကြား‌ရေး ၈၆ လက်မ MAXHUB Smart Board ၁၀ လုံး လှူဒါန်းသည့်အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ယခုလှူဒါန်းသည့် ခေတ်မီဆန်းသစ်သော နည်းပညာသုံး သင်ထောက်ကူပစ္စည်းများသည် စာသင်ခန်းတွင်း သင်ကြားနည်းစနစ်ကို ပိုမိုထိရောက်စေကြောင်း၊ Naypyitaw State Academy ကို နိုင်ငံတကာ တက္ကသိုလ်များနှင့် ရင်ပေါင်တန်းနိုင်ရေး ကြိုးပမ်းအားထုတ်မှုတွင် ယနေ့လှူဒါန်းမှုသည် မှတ်တိုင်တစ်ခုအဖြစ် တည်ရှိနေမည်ဖြစ်ပါကြောင်း ပြောကြားပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ယဉ်ကျေးမှုဆိုင်ရာသံမှူးက အမှာစကားပြောကြားကာ တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းမှ ဘဏ္ဍာရေးအရာရှိချုပ်က လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ယဉ်ကျေးမှုဆိုင်ရာသံမှူး တရုတ်နိုင်ငံကျေးလက်ဒေသ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ဘဏ္ဍာရေးအရာရှိချုပ်နှင့် ဌာနေကိုယ်စားလှယ်တို့က Naypyitaw State Academy သို့ MAXHUB Smart Board ၁၀ လုံးကို ပေးအပ်လှူဒါန်းရာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။

 

ယင်းနောက် တာဝန်ရှိသူတစ်ဦးက Smart Board အသုံးပြုသင်ကြားနည်းကို သရုပ်ပြရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးက တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းသို့ ကျေးဇူးတင်ဂုဏ်ပြုလွှာပေးအပ်၍ Naypyitaw State Academy ဒုတိယပါမောက္ခချုပ် ဒေါက်တာနုနုလွင်က ကျေးဇူးတင်စကားပြောကြားသည်။

 

အခမ်းအနားအပြီးတွင် ဒုတိယဝန်ကြီးသည် စာသင်ခန်းများ၌ Smart Board အသုံးပြုသင်ကြားနေမှုကို လှည့်လည်ကြည့်ရှု အားပေးပြီး ဆရာ ဆရာမများနှင့် ရင်းရင်းနှီးနှီးတွေဆုံ အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။