ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဧရာ၀တီတိုင်းဒေသကြီးရှိ ပုသိမ်တက္ကသိုလ်နှင့် အခြေခံပညာကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများကို စာသင်ကြားရာတွင် စေတနာအပြည့်ဖြင့် သင်ကြားပေးစေလိုကြောင်း မှာကြား

 

ရန်ကုန် ၂၀၂၄ ဇူလိုင် ၁‌၁

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပုသိမ်တက္ကသိုလ်သို့ ရောက်ရှိပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ဆရာ ဆရာမများ၊ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်များ၏ စာကြည့်တိုက်များနှင့် ဘာသာရပ်ဆိုင်ရာဌာနများအတွက် အသိပညာ၊ အတတ်ပညာနှင့် ဗဟုသုတများရရှိစေမည့် စာအုပ်စာတမ်းများနှင့် ဘာသာရပ်ဆိုင်ရာ စာအုပ်စာတမ်းများကို နှစ်စဉ်ပိုမိုဖြည့်ဆည်း ပေးလျက်ရှိပါကြောင်း၊ သင်‌ထောက်ကူပစ္စည်းများ၊ သုတေသနသုံးပစ္စည်းများကို အကျိုးရှိ ထိရောက်စွာ အသုံးချကြစေလိုကြောင်း၊ တက္ကသိုလ်များ၏ ဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်း သာယာရေးအတွက် အလေးထားဆောင်ရွက်ရန်နှင့် ပတ်ဝန်းကျင်ကောင်းဖြစ်ရန် အရေးကြီးပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများကို သင်ကြားရာတွင် မိမိတို့၏ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများသာမက ဆက်စပ်ဘာသာရပ်များကိုပါ ကျွမ်းကျင်မှု ရှိ‌စေရန်အတွက် စာအုပ်စာပေများကို အမြဲမပြတ်ဖတ်ရှုလေ့လာနေကြရန်လိုအပ်ကြောင်း၊ စာသင်ကြားရာတွင် စေတနာအပြည့်ဖြင့် သင်ကြားပေးစေလိုကြောင်း၊ ထို့ပြင် မိမိတို့၏ ကျောင်းသား ကျောင်းသူများကို လိမ္မာယဉ်ကျေးပြီး နိုင်ငံ‌တော်ကို ချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ် အပြည့်ရှိစေရေး၊ ယဉ်ကျေးမှုဓလေ့များကို တန်ဖိုးထားတတ်‌စေရေး၊ ဂါရဝတရား၊ နိဝါတ တရားရှိပြီး စိတ်ကောင်းရှိ‌စေရေးနှင့် ကိုယ်ချင်းစာစိတ်များ ရှိလာ‌စေ‌ရေးတို့ကို အလေးအနက် ထားသင်ကြားပေးရမည်ဖြစ်ကြောင်း၊ ကျောင်းသား ကျောင်းသူများ၏ ဝတ်စားဆင်ယင်မှုများနှင့် ရိုးရာယဉ်ကျေးမှုဓလေ့များကို မပျောက်ပျက်စေရန် ထိန်းသိမ်းတတ်သည့် အလေ့အကျင့်ကောင်းများရရှိအောင် သင်ကြားပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စု၀န်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောင်းကုန်းမြို့နယ် ဂုန်မင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ ကြိုးကြာကွင်း ကျေးရွာ အ‌ခြေခံပညာမူလတန်းကျောင်း၊ မာလာကွင်းကျေးရွာ အခြေခံပညာအလယ်တန်း‌ကျောင်း၊ ရေကြည်မြို့နယ် အသုတ်မြို့ အခြေခံပညာအထက်တန်းကျောင်း၊ အနောက်ဘက်ကမ်း အခြေခံပညာမူလတန်းကျောင်း၊ သပြေကွင်းကျေးရွာ အခြေခံပညာမူလတန်း‌‌ကျောင်း၊ ဝက်ရုပ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တို့သို့ သွားရောက်ပြီး ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရေကြည်မြို့ မြို့မအခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး ဆောင်ရွက်ထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေး၍ အခြေခံပညာ‌ကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့်‌တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ကျောင်းများ၌ စာသင်ဆောင်များ လုံလောက်မှု ရှိ‌စေရေး၊ ရေသန့်စက်နှင့် ရေလုံလောက်မှုရှိစေရေး၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူ များအတွက် သန့်စင်ခန်းများ လုံလောက်မှုရှိ‌စေရေး၊ ကျောင်းပတ်၀န်းကျင်လုံခြုံ‌စေရန် ခြံစည်းရိုး များ စနစ်တကျ ကာရံ‌ရေးတို့ကို မှာကြားပြီး တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကာ KGတန်း ကျောင်းသား ကျောင်းသူများအတွက် ကျောပိုးလွယ်အိတ် များ ပေးအပ်သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငါးသိုင်းချောင်းမြို့ အခြေခံပညာမူလတန်း‌ကျောင်း(ရေတံခွန်) ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး KGတန်း ကျောင်းသား ကျောင်းသူများအတွက် ကျောပိုးလွယ်အိတ်များ ပေးအပ်သည်။

ထို့နောက် ကျုံပျော်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံ ပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၊ ကျောင်းကုန်းမြို့ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းတို့သို့ ရောက်ရှိပြီး ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဆရာ ဆရာမများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး စာသင်ခန်းအတွင်း အေးချမ်းစွာ ပညာသင်‌ယူနေကြသည့် ကျောင်းသား‌ ကျောင်းသူများကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။