ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် တောင်ကြီးပညာရေးဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော် ၂၀၂၄ ဇွန် ၇

                                                                                                               

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် အောင်ပန်းမြို့ အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး နှစ်ထပ်ကျောင်းဆောင်သစ် တည်ဆောက်ပြီးစီးမှုနှင့် ကျောင်းနှင့် ကျောင်းဝန်းကျင်သန့်ရှင်း သာယာလှပရေး ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် နန့်ပန်တက်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းသို့ ရောက်ရှိပြီး အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ယူနေမှုကို ကြည့်ရှုပြီး  ဆရာ ဆရာမအင်အားလိုအပ်မှု အခြေအနေကို အားပေးဖြည့်ဆည်းပေးသည်။

 

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ယမန်နေ့ညနေပိုင်းကလည်း တောင်ကြီးပညာရေးဒီဂရီကောလိပ်သို့ ရောက်ရှိကာ လေးနှစ်သင်တန်း ကျောင်းသား ကျောင်းသူများ ညနေစာ စားသုံးနေမှုကို ကြည့်ရှုပြီး ကျောင်းသား ကျောင်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ လိုအပ်ချက်များကို မေးမြန်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

နိုင်ငံတော်က စားသောက်စရိတ်ကို နှစ်ဆ တိုးမြှင့်ခွင့်ပြုပေးသဖြင့် နေ့လယ်စာတစ်နပ် ထပ်ဆောင်းကျွေးမွေးနေပြီဖြစ်ရာ အစားအသောက်များကို ကျန်းမာရေးနှင့်ညီညွတ်ပြီးအာဟာရဖြစ်အောင် ချက်ပြုတ်ကျွေးမွေးနိုင်ရေး စီမံကြီးကြပ်ဆောင်ရွက်ရန် တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်းသိရသည်။