ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန အားကစားနည်းပြ မွမ်းမံသင်တန်း(၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

 

နေပြည်တော် ၂၀၂၄ ဇွန် ၅

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန အားကစားနည်းပြ မွမ်းမံသင်တန်း (၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများ၊ ဆရာဆရာမများ၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ အားကစားနည်းပြ၊ အားကစားမှူး၊ အားကစား တာဝန်ခံနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

 ဦးစွာ ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်က ဤသင်တန်းမှ အားကစားနည်းအလိုက် မိမိမသိရှိသေးသည့် အကြောင်းအရာများ၊ အခေါ်အဝေါ်များ၊ ကစားနည်း အခြေခံနည်းစနစ်အကြောင်းအရာများ၊ နည်းစနစ်နည်းပရိယာယ်၊ နည်းဥပဒေများ၊ အသိပညာနှင့်ဗဟုသုတများ တိုးပွားရရှိမည်ဟု ယုံကြည်ပါကြောင်း၊ ယခုနှစ်တွင် အားကစားမှူးများ၊ အားကစားနည်းပြများ သက်ဆိုင်ရာ တက္ကသိုလ်အသီးသီးကို ပြန်ရောက်လျှင် ကျောင်းဖွင့်ကာလ ကျောင်းတွင်း ပြိုင်ပွဲများ လုပ်ဆောင်ရမည်ဖြစ်ပြီး၊ နေပြည်တော်တွင် ဇူလိုင်လတွင် ကျင်းပမည့် ဇုန်အလိုက် ပြိုင်ပွဲများ၊ ကျောင်းပေါင်းစုံပြိုင်ပွဲများ လာရောက်ယှဉ်ပြိုင် ကစားရမည်ဖြစ်ပါကြောင်းပြောကြားသည်။၊  

ယင်းနောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာဇော်မြင့်၊ ဒေါက်တာမိုးဇော်ထွန်းနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး တို့က သင်တန်ဆင်းအောင်လက်မှတ်များပေးအပ်ရာ သင်တန်းသား/ သင်တန်းသူများကလက်ခံရယူသည်။

ထို့နောက် သင်တန်းသားကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားအပြီးတွင် ဒုတိယဝန်ကြီးများနှင့် ဧည့်သည်တော်များက သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။

မွန်းလွဲပိုင်းတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ဆရာအတတ်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်၊ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်း၊ ပညာရေးသုတေသနစီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းသန်းမြင့်၊ မြန်မာနိုင်ငံတိုင်းရင်းသား ဘာသာစကားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း၊ ဒုတိယအမြဲတမ်း အတွင်းဝန်များ၊ တာဝန်ရှိသူများနှင့်အတူ Naypyitaw State Academy သို့ ရောက်ရှိပြီး ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်၍ အေးချမ်းစွာပညာသင်ကြားနေမှုများကိုလှည့်လည်ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် Naypyitaw State Academy မှ သင်ကြားရေးရာ ဆရာဆရာမများ၊ စီမံဝန်ထမ်းများနှင့်တွေ့ဆုံ၍ ယမန်နေ့က မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နေပြည်တော်တွင် စဉ်းစားတွေးခေါ်မှုကိုအားပေးသော၊ အရည်အသွေးပြည့်ဝသည့် သင်ကြားသင်ယူမှုများမှ တစ်ဆင့် အသုံးချသုတေသနနှင့် တီထွင်ဆန်းသစ်မှုကိုမြှင့်တင်ပေးနိုင်မည့် အဆင့်မြင့်ပညာရပ်များသင်ယူရာ တက္ကသိုလ်တစ်ခုအဖြစ်ရည်မှန်း၍ Naypyitaw State Academy ဖွင့်လှစ်ခဲ့ခြင်းကို ထည့်သွင်းမိန့်ကြားခဲ့ပါကြောင်း၊  ရည်မှန်းချက်နှင့်အညီ သင်ကြားသင်ယူမှု အရည်အသွေးမြှင့်တင်ရေးအပြင်  သုတေသနနှင့်တီထွင်ဆန်းသစ်မှု အားပေးရေးအတွက် ဝန်ကြီးဌာနနှင့် ပညာရှင်ပါမောက္ခများ လက်တွဲညီညီပူးပေါင်း ဆောင်ရွက်သွားစေလိုပါကြောင်း  တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရရှိသည်။