နေပြည်တော် ၂၀၂၄ ဇွန် ၃
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာဇော်မြင့်၊ ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်မှုနှင့် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုအခြေအနေကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၄) အခြေခံပညာ အထက်တန်းကျောင်း၊ ပုဗ္ဗသီရိမြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းနှင့် ဥတ္တရသီရိမြို့နယ် အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်းတို့သို့ ရောက်ရှိပြီး ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှု၍ အားပေးစကား ပြောကြားသည်။
ထိုသို့ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက မိမိတို့တစ်ဦးချင်းစီ၏ ကောင်းမွန်သော ရည်ရွယ်ချက်၊ ရည်မှန်းချက်များ ရှိကြမည်ဖြစ်ကြောင်း၊ ထိုရည်ရွယ်ချက်များ အောင်မြင်ရေးအတွက် စာသင်နှစ်စကတည်းက ပညာကို ကြိုစားသင်ယူကြစေလိုပါကြောင်း၊ စာတတ်အောင် သင်ကြား၊ သင်ယူရုံသာမက လိမ္မာရေးခြားရှိအောင်၊ စည်းကမ်းရှိအောင်၊ မျိုးချစ်စိတ် နိုင်ငံချစ် စိတ်ရှိအောင်၊ ယဉ်ကျေးလိမ္မာပြီး မိမိတို့ယဉ်ကျေးမှုဓလေ့ကို မြတ်နိုးတန်ဖိုးထားတတ်သူဖြစ်အောင်၊ နိုင်ငံတော်က အားထားရသည့် လူတော်လူကောင်းများဖြစ်အောင် ကြိုးစားကြရန် ပြောကြားသည်။
ထို့နောက် စာသင်ခန်း၊ စာသင်ဆောင်များ၊ ကျောင်းစိုက်ခင်းများ၊ ဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာရေး ဆောင်ရွက်ထားမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့အတူ ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များ၊ ပညာရေးဒီဂရီကောလိပ်များ စတင်ဖွင့်လှစ်ကြပြီဖြစ်ရာ ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ အေးချမ်းစွာ ပညာသင်ကြား၊ သင်ယူလျက်ရှိကြောင်း၊ ကျောင်းအပ်နှံမှုအနေဖြင့်လည်း မေ ၂၃ ရက်မှ ယနေ့ ကျောင်းစတင်ဖွင့်လှစ်သည့် ဇွန် ၃ ရက် အထိ ကျောင်းသားကျောင်းသူ ၆၅၃၆၇၁၃ ဦး လာရောက်အပ်နှံခဲ့ကြောင်း သိရသည်။
