နေပြည်တော် ၂၀၂၄ မေ ၂၉
မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၄)ကျင်းပရေး စတုတ္ထအကြိမ် ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုအစည်းအဝေးတွင် ပညာရေးညီလာခံ(၂၀၂၄) ကျင်းပရေး စီမံချက်(မူကြမ်း)ကို ညှိနှိုင်းဆွေးနွေးမည်ဖြစ်ပြီး ပညာရေးညီလာခံ(၂၀၂၄) ကျင်းပရေး စီမံချက် (မူကြမ်း)နှင့်အညီ ကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းခြင်းကို အတည်ပြုပြီး ပါက ဦးစီးကော်မတီအစည်းအဝေးကို ကျင်းပသွားမည်ဖြစ်ကြောင်း၊ ဆပ်ကော်မတီ ၁၂ ခုတွင် တာဝန်ပေးအပ်မည့် အမည်စာရင်းကို ဆွေးနွေးအတည်ပြုပေးစေလိုကြောင်း၊ ထို့ပြင် စာတမ်းဖတ်ပွဲ များ၏ သဘာပတိနှင့် တွဲဖက်သဘာပတိတို့ကို ရွေးချယ်ပေးကြရန်နှင့် ဝန်ကြီးဌာနအလိုက် ပြခန်းများ ခင်းကျင်း ပြသရေးတို့ကိုလည်း ဆွေးနွေးကြစေလိုကြောင်း၊ ပညာရေး ညီလာခံ(၂၀၂၄)ကို အောင်မြင်စွာ ကျင်းပနိုင်ရေးဝိုင်းဝန်းလက်တွဲ၍ ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြား သည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေး ညီလာခံ(၂၀၂၄) ကျင်းပရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း က မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၄) ကျင်းပရေးစီမံချက်များကို ရှင်းလင်း တင်ပြသည်။
ထို့နောက်အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ နှင့် တာဝန်ရှိသူများက မိမိတို့ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေ၊ ဖတ်ကြားမည့် စာတမ်းခေါင်းစဉ်များ၊ ဆက်လက်ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဝိုင်းဝန်း ဆွေးနွေး အကြံပြုကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ညီလာခံအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
