ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် ကျောင်းအပ်နှံနေမှုများ လှည့်လည်ကြည့်ရှုအားပေး

နေပြည်တော် ၂၀၂၄ မေ ၂၇

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာဇော်မြင့်၊ ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၁)အခြေခံ ပညာအထက်တန်းကျောင်းသို့သွားရောက်၍ ကျောင်းသား ကျောင်းသူများအား ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၁၀)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၈)အခြေခံပညာအထက်တန်း‌ကျောင်းများသို့ သွားရောက်၍ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှု၊ ကျောင်းဘောလုံးကွင်း ဆောင်ရွက်ထားမှု၊ စာသင်ခန်းအတွင်း ပြင်ဆင်ထားရှိမှု၊ အခြေခံပညာမူလတန်းအဆင့်၊ အခြေခံ ပညာအလယ်တန်းအဆင့်၊ အခြေခံပညာအထက်တန်းအဆင့်တို့အတွက် စာရိတ္တနှင့်ပြည်သူ့နီတိ၊ အနုပညာ၊ ကာယပညာနှင့် စာကြည့်တိုက်အပါအဝင် ဘာသာရပ်အလိုက် စာသင်ချိန်သတ်မှတ် ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံကြသည့် ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသားမိဘများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

 

ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေ ၂၃ ရက်မှ ဇွန် ၂ ရက်အထိ နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေး လက်ခံဆောင်ရွက် သွားမည်ဖြစ်ပြီး ကျောင်းအပ်နှံသည့် ကလေးများအားလုံးကို ကျောင်းသုံးပြဋ္ဌာန်းပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်တို့ကို အခမဲ့ဖြန့်ဝေပေး၍ မူလတန်းအဆင့် ကျောင်းသား ကျောင်းသူများအား ကျောင်းဝတ်စုံများပါ အခမဲ့ဖြန့်ဝေပေးလျက်ရှိသည်။

 

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် မေ ၂၃ ရက် မှ ၂၇ ရက်အထိ အခြေခံပညာ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၅၁၆၀၀၁၉ ဦးထိ လာရောက်ကျောင်းအပ်နှံကြကြောင်း သိရသည်။